နိရဉ္စရာ၊သြဂုတ် ၂၇/၂၀၂၂
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့်မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာနှင့်မင်းခမောင်းကျေးရွာမှ လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ခြင်းခံရသည့်မြိုတိုင်းရင်းသားများ အပါအဝင် အရပ်သားလူ(၇) ဦး ပြန်လည် လွတ်မြောက်လာကြောင်းသတင်းရရှိသည်။
ယနေ့ သြဂုတ်(၂ရ) ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ခမောင်းဆိပ်ကျေးရွာကို ပြန်လည် ရောက်ရှိနေပြီဟုခမောင်းဆိပ်ကျေးရွာသားတစ်ဦးက ပြောသည်။
"အဖမ်းခံ၇တဲ့လူတွေ ပြန်လွတ်လာကြပါပြီ။ဒီညနေ ၅ နာရီ ၄၅ မိနစ်လောက်က ပြန်ရောက်ကြတာပါ။ အခု ရွာကဘုန်းကြီးကျောင်းကို ရောက်နေကြပါပြီ"ဟု ပြောသည်။
ယမန်နေ့ သြဂုတ်လ(၂၆) ရက်နေ့ ည(၈) နာရီကျော်တွင် ခမောင်းဆိပ်ကျေးရွာနှင့် မင်းခမောင်း ကျေးရွာတို့မှ ဒေသခံ (၁၀) ဦးကိုစစ်သား(၃၅) ဦးခန့်ပါဝင်သည့် စစ်ကြောင်း တစ်ခုက တိုက်ပွဲဖြစ်နေသည့်နေရာကိုစစ်ကူသွားရာတွင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထိုအထဲက၃ ဦးမှာ မနေ့ကတည်းက အသက်လုထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ယနေ့တွင် ကျန် ဒေသခံ (၇) ဦး ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
လက်ရှိမှာတိုက်ပွဲကြောင့် ခမောင်းဆိပ်ကျေးရွာနှင့် မင်းခမောင်းကျေးရွာမှ ဒေသခံရာချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိ၇သည်။
မောင်တောမြို့နယ်မြောက်ပိုင်းမှ စစ်ရေးအရအရေးပါသည့်ခမောင်းဆိပ်ဗျူဟာကို ယမန်နေ့ သြဂုတ်၂၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှစတင်ကာအေအေက ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့နံနက်ညဉ့် ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း တိုက်ပွဲပြန်လည် ပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ယနေ့ ညနေ ၄ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို စစ်ကောင်စီက ၇ဟက်ယာဉ်(၂) စင်း ဖြင့် မိနစ် (၂၀) ကြာလာရောက်ပစ်ခတ်ခဲ့ကြောင်း သိ၇သည်။(NN-7)