ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးအရပ်သားသေဆုံးမှုအပေါ် ပစ်ခတ်သည့်စစ်ကောင်စီကို ရက္ခိုင်အစည်းအရုံး(ဂျပန်)နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ သြဂုတ် ၂၉/ ၂ဝ၂၂

ရခိုင်ပြည်နယ်ရှိ ရပ်ရွာများအတွင်း စစ်တပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် လူ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသည့်ဖြစ်ရပ်အပေါ် ရက္ခိုင်အစည်းအရုံး(ဂျပန်)နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့က ရှုတ်ချကြောင်းထုတ်ပြန် ကြေညာသည်။

ယမန်နေ့ သြဂုတ်လ ၂၈ ရက် ညနေဘက်အချိန်ခန့်က မြောက်ဦးမြို့ ကင်းဆိပ်ကျေးရွာနှင့် ထမ္မရာဇ် ကျေးရွာများသို့ ခမရ ၃၇၇ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးများဖြင့်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သဖြင့် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ဆရာတော် အရှင်သူမြတ်များနှင့် ပြည်သူ ၁၂ ဦးခန့် ပြင်းထန်စွာဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိကြောင်း ယနေ့ သြဂုတ်လ ၂၉ ရက်ရက်စွဲဖြင့်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 စစ်ကောင်စီသည် ယခုလအတွင်း၌လည်း မောင်တော၊ ရသေ့တောင်နှင့် တောင်ကုတ်မြို့နယ်တို့ရှိ လူနေရပ်ရွာများအားအကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်ခြင်း၊ ကုန်စည် စီးဆင်းမှုများအား နည်းမျိုးစံဖြင့် ဟန့်တားခြင်းစသည့် စစ်ရာဇဝတ်ကျူးလွန်မှုများကို အတင်းရဲစွာ ပြောင်ကျကျ ကျူးလွန်လျက်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။

အပြစ်မဲ့ရခိုင်ပြည်သူများအပေါ် ယခုကဲ့သို့ လက်နက်အားကိုးဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေမည်ဆိုပါက ရခိုင်ပြည်မှ ချက်ချင်းထွက်ခွာသွားရန်နှင့် ဤကဲ့သို့သော ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုဦးဆောင်ကော်မတီကလည်း ကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် စစ်တပ်၏လုပ်ရပ်ကို ယမန်နေ့ သြဂုတ်လ ၂၈ ရက် ရက်စွဲဖြင့် ရှုတ်ချကြောင်း ထုတ်ပြန်လိုက်သည်။

စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ တောင်ကုတ်တက္ကသိုလ်၊ သံတွဲ (GTI)၊ ကျောက်ဖြူ (GTC) ကျောက်ဖြူပညာရေးဒီကရီကောလိပ်)၊ မြောက်ဦးမြို့နယ်တို့မှ ကျောင်းသားများသမဂ္ဂများနှင့် စစ်တွေမြို့နယ် အခြေခံကျောင်းသားများ သမဂ္ဂတို့က ပူးတွဲထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီသည် ၄င်းတို့၏ဖက်ဆစ်ထုံးစဉ်အတိုင်း ပြည်သူများ၏ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ကာ ပြည်သူများကို ဓားစာခံသဖွယ်ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများမှာ ထိခိုက်ဒဏ်ရာများရရှိခြင်းနှင့် သေဆုံးမှုများဖြစ်ပွားလျက်ရှိသည်။ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂအနေဖြင့် စစ်ကောင်စီ၏လူမဆန်သောအထက်ပါလုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အထက်ပါလုပ်ရပ်များအားသိရှိပါလျက် မသိကျိုးကျွံပြုကာ နှုတ်ဆိတ်နေသော ရက္ခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီဝန်ကြီးများအားလည်း ရက္ခိုင်ပြည်၏ သမိုင်းတရားခံများအဖြစ်မှတ်ယူကာ ပြင်းထန်စွာရှုံ့ချလိုက်သည်ဟုလည်း ဖော်ပြထားသည်။

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မြောက်ဦးအခြေစိုက် အမှတ် ၃၇၇ နှင့် ၃၇၈ တပ်ရင်းတို့က လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၆ဝ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)က ကျောက်တော်ဘက်မှလာသည့်စစ်ကြောင်းကို မိုင်းဖောက်ခွဲခဲ့သည့်အတွက် စစ်ကောင်တပ်သားများနှင့် မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြောက်ဦးအခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့် လူနေကျေးရွာများကို တမင် ရည်ရွယ်ချက်ရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မြောက်ဦးအခြေစိုက်တပ်ရင်းများက လက္ကာ၊ ဘူးရွက်မညှိုးကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

မောင်တောမြောက်ပိုင်း၊ မင်းကြီးရွာတွင်လည်း သြဂုတ် ၂၇ ရက် နံနက်ပိုင်းက လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၇၀) အရွယ် အမျိုးသမီးကြီး ၁ ဦးသေဆုံးခဲ့ရသည်။

ဆက်စပ် သတင်းများ