Preview

တိုက်ပွဲဖြစ်ပွားပြီးနောက်စကစစစ်ကြောင်းလှုပ်ရှားမှုဆက်ရှိနေ၍ ကျေးရွာ၅ရွာခန့်မှ ဒေသခံထောင်နှင့်ချီပြီးထွက်ပြေးတိမ်းရှောင်နေရ

သြဂုတ် ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :6215
ရခိုင် သတင်း

နိရဥ္စရာ၊သြဂုတ် ၂၉/၂၀၂၂

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် ယမန်နေ့က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုရှိနေ၍ အနီးအနားကျေးရွာများမှဒေသခံပြည်သူ ထောင်နှင့်ချီပြီး ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရဆဲဟု သတင်းရရှိသည်။

ဘူးရွက်မညှိုး၊လက္ကာ၊ ဝေသာလီနှင့် အောက်သားကန်ကျေးရွာ အစရှိသည့်ကျေးရွာများမှ ဒေသခံအများအပြားသည်အနီးအနားရှိ တောတောင်များ၊  ကယ်ဆယ်ရေးစခန်းများ၊ဆွေမျိုးနေအိမ်များနှင့် ဘေးလွတ်ရာသို့ ယမန်နေ့ သြဂုတ်လ ၂၈၊ ညနေ ၄ နာရီကျော်အချိန်ကပင်တော၊ တောင်များကို ဖြတ်ကာ ရွာလုံးကျွတ် ခက်ခက်ခဲခဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းဒေသခံများက ပြောသည်။

လက်ရှိတွင်တိုက်ပွဲဖြစ်ပွားခဲ့သည့်အနီးရှိ လက္ကာကျေးရွာတွင်လည်း နေထိုင်သည့်လူမရှိတော့ဘဲ နီးစပ်ရာတောတောင်များ၊ ကယ်ဆယ်ရေးစခန်းများနှင့်ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီးယနေ့ သြဂုတ်လ ၂၉ ရက် နံနက်ပိုင်းက မိမိတို့နေအိမ်တွင် ကျန်ရှိခဲ့သည့် ပစ္စည်းများနှင့်ရွာအခြေအနေကို သွားရောက်ကြည့်ရှုခဲ့သည့် လက္ကာကျေးရွာသူတစ်ဦးက ပြောသည်။

လူတွေကနည်းနည်းပါးပါးလောက်ပဲကျန်တော့တယ်။ ဒီမှာတော့ ဆက်ပြီးမနေနိုင်တော့ဘူး။ အခုလည်းအိမ်မှာဘာတွေပျက်စီးသွားတာရှိလဲဆိုတာ တခေါက်လာကြည့်တာပါ။ ညနေလောက်ဆိုရင် ကယ်ဆယ်ရေးစခန်းကိုပြန်သွားမယ်။ မနေ့ကတော့ ထမင်းတစ်နပ်ငတ်တယ်။ အနီးက မြိုရွာက အုပ်ချုပ်ရေးမှူးအိမ်မှာတစ်ညအိပ်ခဲ့ရတယ်။ အခုက အဒေါ်တို့က ကယ်ဆယ်ရေးမှာမနေချင်လို့ ကယ်ဆယ်ရေးကထွက်လာပြီး ရွာမှာပြန်နေနေတာအခုပြန်လို့ ကယ်ဆယ်ရေးကိုသွားမှာဆိုတော့ စားဝတ်နေရေးအတွက် ဘယ်လိုရှိမလဲမသိသေးဘူးဟုပြောသည်။

လက်ရှိတွင်ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည့် ဘူးရွက်မညှိုးကျေးရွာနှင့် လက္ကာကျေးရွာအကြားတွင်စစ်ရေးအခြေအနေတည်ငြိမ်နေသော်လည်း စစ်ကောင်စီ စစ်ကြောင်း တကြောင်းရှိနေ၍  မည်သည့်အချိန်တိုက်ပွဲပြန်ဖြစ်မည်ကို မသိနိုင်၍မိမိတို့ရွာသို့ ပြန်လာ၍ မနေရဲသေးကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့်ထွက်ပြေးလာသည့် ဒေသခံကျေးရွာသားများဦးရေမှာ လက္ကာကျေးရွာမှ လူဦးရေ ၁၀၀၀ ကျော် ခန့်၊ဘုရားကြီးကျေးရွာမှ ၁၀၀ ကျော်ခန့်နှင့် အခြားကျေးရွာများမှလည်း ခန့်မှန်းခြေဦးရေ ၂၀၀နီးပါး ခန့်ရှိနိုင်ကြောင်း လက္ကာကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

လက်နက်ကြီးများကျရောက်မှုကြောင့်လက္ကာကျေးရွာအခြေခံပညာအလယ်ကျောင်းရှိ မှန်ပြတင်းပေါက်များမှာလည်း ပျက်စီးသွားပြီးရွာသားမှာလည်း လက်ရှိအချိန်အထိ ကြောက်လန့်၍ တော၊ တောင်များတွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းအဆိုပါအုပ်ချုပ်ရေးမှူးကပြောသည်။

"အခုရွာစောင့်လောက်ပဲရှိတယ်။တောထဲ၊ တောင်ထဲမှာချည်းပဲရှိတယ် ကြောက်လန့်ပြီးတော့။ မကျန်းမမာတဲ့သူတွေကိုလည်း တောထဲကိုပို့ထားရတယ်။ကြောက်သွားကြတယ် အရင်တခါလည်း ခံထားရတယ်ဆိုတော့ ဒုတိယတစ်ကြိမ် ဘယ်လိုဖြစ်လာမလဲ မသိဘူးကြောက်သွားကြတယ်။ ရွာမှာကလက်လုပ်လက်စားတွေများတော့ ထွက်ပြေးနေ၇တော့ဘအဆင်မပြေကြဘူး"ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာနှင့်အနီးဝေသာလီကျေးရွာမှ ထွက်ပြေးလာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ရွာမှာ မနေရဲလို့ ကယ်ဆယ်ရေးကို သွားနေကြပါတယ်။တချို့တလေကတော့ ကိုယ့်အိမ်ကိုယ့်ယာ ဘယ်လိုရှိနေမလဲဆိုပြီးတော့ သွားကြည့်ကြပါတယ်။  ဝေသာလီရွာ ဘုန်းကြီးကျောင်းလမ်းမှာ လက်နက်ကြီးကျတာသစ်ပင်တစ်ပင် ပိုင်းထွက်သွားပြီးတော့ စာသင်ကျောင်းမှာလည်းရေတိုင်ကီတစ်ခုကွဲသွားပါတယ်။ လူတွေကတော့ ထိခိုက်မှုမရှိပါဘူးဟုပြောသည်။

အဆိုပါတိုက်ပွဲမှာယမန်နေ့ သြဂုတ်လ ၂၈ ရက် နေ့လယ်ပိုင်းက မြန်မာစစ်တပ်ဘက်က အေအေအခြေပြုထားသည့် နေမြေထဲကိုဝင်ရောက်လာ၍ မြောက်ဦးမြို့နယ် လက္ကာရွာအနီး ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်က လူနေကျေးရွာများသို့ လက်နက်ကြီး များဖြင့် လှမ်းပစ်ခဲ့သည်။

ထိုသို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့်ဒေသခံများမှာ ကြောက်လန့်၍ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးလက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိခဲ့သည့် မြောက်ဦးမြို့အနီးရှိကင်းဆိပ်ကျေးရွာမှ ရွာသားများမှာလည်း မြောက်ဦးမြို့ရှိ ဝါဈေးဘုန်းကြီးကျောင်းတွင်ယာယီခိုလှုံနေရကြောင်း ကင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ပြောထားသည်။

အခုမြို့ပေါ်ကဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တစ်ရွာလုံးရောက်နေပါတယ်။ နောက်ထပ် ဒီလိုဖြစ်သွားမှာကိုစိုးရိမ်လို့လေဟုပြောသည်။

ယမန်နေ့ကမြောက်ဦးမြို့အခြေစိုက်တပ်ရင်းများက တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိသည့် မြောက်ဦးမြို့နယ်ကင်းဆိပ် ကျေးရွာထဲကို တမင်ရည်ရွယ်၍ လက်နက်ကြီးများပစ်ထည့်လိုက်သဖြင့် အသက် ၅ နှစ်အရွယ်မောင်မြတ်သူလင်း၊ အသက် ၆၀ အရွယ် ဒေါ်အေးနုယဉ်နှင့် အသက် ၄၀ ကျော်အရွယ် ဦးလှမောင်သိန်းတို့လက်နက်ကြီးကျကာ သေဆုံးသွားခဲ့ပြီး ကင်းဆိပ် ကျေးရွာသား ရ ဦးမှာ လက်နက်ကြီးကျည်ကျ ဒဏ်ရာများကြောင့်မြောက်ဦးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိ၇သည်။ (NN-8)

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.