နိရဥ္စရာ၊ သြဂုတ်၃၁/၂၀၂၂
စစ်တပ်က ၇ခိုင်ပြည်နယ်ကိုအဘက်ဘက်ကပိတ်ဆို့မှုများအပေါ် တုံ့ပြန်နိုင်ရေးအတွက်စစ်ကောင်စီထုတ်ကုန်များကို သပိတ်မှောက်ရန် ဆော်သြမှုများရှိလာနေသည်ဟု သိ၇သည်။
လက်ရှိတွင်ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်တပ်ကပြည်နယ်တွင်း ကုန်းလမ်း၊ ရေလမ်းများကိုပိတ်ဆို့ကာ အသွားအလာနှင့် စားနပ်ရိက္ခာသယ်ဆောင်မှုများကိုဟန့်တားပိတ်ပင်လျက်ရှိသည်ဟု သိ၇သည်။
ယင်းအပြင် တိုက်ပွဲနှင့်မသက်ဆိုင်သည့်ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့်အပြစ်မဲ့ကလေးသူငယ်များနှင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိလာနေသည်ဟုလည်း သိ၇သည်။
ယင်းသို့ စစ်တပ်၏လုပ်ရပ်များကိုတုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီထုတ်ကုန်များဖြစ်သည့်Mytel ၊အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် အခြားလူသုံးကုန်ပစ္စည်းများအား၇ခိုင်ပြည်သူတို့အနေဖြင့် မသုံးစွဲကြရန်နှင့် မိမိတို့ရခိုင်ပြည်တွင်းဖြစ် ရိုးရာအရက်များနှင့် ဆေးလိပ်များကိုသာ သုံးစွဲကြသင့်သည်ဟုတက်ကြွလှုပ်ရှားသူများက ဆော်သြနေကြခြင်းဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်(AAYON)ကလည်းယခုကိစ္စနှင့်ပတ်သက်ပြီး ယမန်နေ့ သြဂုတ်လ ၃၀ ရက်တွင်သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင်“အာရက္ခဒေသအတွင်းနေထိုင်ကြသောမိဘပြည်သူများအနေဖြင့် အာဏာ သိမ်းစစ်တပ်၏ စစ်အသုံးစရိတ်ကိုအထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံး၀(လုံး၀)မသုံးစွဲကြရန်နှင့် ရောင်းဝယ် ဖောက်ကားမှုများမပြုလုပ်ကြရန် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှအလေးအနက်ထားပြီး တောင်းဆိုလိုက်သည်”ဟုဖော်ပြထားသည်။
စစ်တပ်ထုတ်ကုန်များဖြစ်သည့်အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် အခြားအသုံးအဆောင် ပစ္စည်းများမှရရှိလာသည့်အမြတ်အစွန်းများကိုစစ်တပ်က ပြည်သူများအကျိုးအတွက်လုပ်ပေးခြင်းမရှိဘဲ စစ်တပ်အတွက်သာလက်နက်ဝယ်ယူခြင်းမျိုးကို လုပ်ဆောင်နေသည့်အတွက် စစ်တပ်ကို အားပေးအားမြှောက်မလုပ်သင့်၍ယခုကဲ့သို့ ဆန့်ကျင်ကန့်ကွက်သင့်သည်ဟုရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးကနိရဥ္စရာကိုပြောသည်။
“အဓိက ပြောရမယ်ဆိုရင်စစ်တပ်အတွက်ပဲ အများကြီးပုံပြီးတော့ သုံးတယ်ပေါ့။ တချို့ဟာတွေကလက်နက်ဝယ်တာမျိုးတွေဘာတွေ အားလုံးရောက်တဲ့အပိုင်းတွေဖြစ်တဲ့အခါကျတော့ ကျမတို့ကဒီဘက်ကပြည်သူတွေသုံးငွေဟူသမျှ၊ သုံးလိုက်တဲ့ငွေတွေဟာ အားလုံးသူတို့ဆီရောက်သွားတာဖြစ်လို့ကျမတို့က အဲဒါကို မလုပ်သင့်ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုရင် သူတို့ကိုအားပေးအားမြှောက်လုပ်နေသလို သူတို့အားကောင်းနိုင်ဖို့အတွက်ကျမတို့ဘက်ကနေပြီးတော့ တစ်ခုဖြည့်စွက် ပေးနေသလိုပုံစံမျိုးဖြစ်နေတာဖြစ်လို့ကျမတို့ အခုလက်ရှိ စစ်တပ်ဘက်ကထုတ်ထားတဲ့ အကုန်လုံးကိုပေါ့နော်။ Boycott လုပ်သင့်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုကျမတို့က လေးလေးနက်နက်ရည်ရွယ်ချက်နဲ့အခုလို ရေးသားထုတ်ပြန်၇တာဖြစ်ပါတယ်”ဟုပြောသည်။
၇ခိုင်တွင် ပြီးခဲ့သည့်သြဂုတ်လ၁၃ ရက်နောက်ပိုင်းမှစတင်ကာ မောင်တော၊ ၇သေ့တောင်၊ တောင်ကုတ်၊မြောက်ဦးစသည့်မြို့နယ်များတွင် တကျော့ပြန်တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟုသိ၇သည်။
သြဂုတ်လ ၂၈ရက် ညနေ ၅ နာရီခန့်က မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ မြောက်ဦးအခြေစိုက်အမှတ် ၃ရ၇ နှင့် ၅၄၀ တပ်ရင်းတို့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ ၅နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
ကင်းဆိပ်ကျေးရွာနှင့်၁၀ မိုင်ခန့်ဝေးကွာသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် ဘူးရွက်မညှိုး စသည့်ကျေးရွာများသို့လည်းလက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုသိ၇သည်။
အလားတူ သြဂုတ်လ၂၇ ရက် နံနက်ပိုင်းကလည်း မောင်တောမြောက်ပိုင်း၊ မင်းကြီးရွာတွင်လည်းတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်(၇၀) အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့၇သည်။
ယခုကဲ့သို့ရခိုင်ပြည်သူတို့ ဒုက္ခအကြီးအကျယ်ဆိုက်ရောက်နေသည့်အတွက်စစ်တပ်ထုတ်ကုန်များကို လုံး၀ ဆက်လက်မသုံးစွဲသင့်တော့ဟုလည်းရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ တာဝန်ရှိသူက ဆက်ပြောသည်။
“အခုလက်ရှိလည်းကျမတို့ဟာ အရမ်းကြီးကို ဒုက္ခရောက်နေတာလေ။ ရမ်းပြီးတော့ လက်နက်တွေနဲ့ ပစ်တာမျိုးတွေကိုခံ၇တာတွေပေါ့။ ပြည်သူတွေသေတယ်။ အပြစ်မရှိတဲ့ကလေးတွေလည်း သေနေကြ၇တယ်။ သူတို့ဘက်ကတစ်ခုမှ၊ဒီအတိုင်းပဲ တစ်ယောက်မှဂရုစိုက်စရာမလိုဘူးတဲ့ ဆိုတဲ့ ပုံစံမျိုးတွေကို ရမ်းသမ်းပြီးပစ်နေတာဖြစ်တဲ့ အတွက်ကျမတို့ AAYON အနေနဲ့စစ်ကောင်စီထုတ် ပစ္စည်းတွေကို လုံး၀ကြီးကို မသုံးသင့်ဘူးလို့ ပြောချင်တယ်။ဘယ်နှစ်ရာခိုင်နှုန်းအနေနဲ့မသုံးပါနဲ့ ပုံစံမျိုးထက် လုံးဝ လုံး၀မသုံးသင့်လို့ ကျမအနေနဲ့မှတ်ချက်ပေးချင်ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ရခိုင်ပြည်သူတို့ ဖိနှိပ်ခံ၊ လူ့အခွင့်အရေးကျူးလွန်ခံနေ၇သည့်အတွက် စစ်တပ် ထုတ်ကုန်များကို တစ်ဦးတစ်ယောက်ချင်းမှအစပြုကာ တစ်ပြည်နယ်လုံး လုံး၀ မသုံးစွဲဘဲ ကန့်ကွက်ရန်လိုအပ်လာနေပြီဟုလည်း၇ခိုင်လူငယ်များက ပြောဆိုနေကြသည်။
၇ခိုင်လူငယ်တစ်ဦးက“ရခိုင်ကနေစစ်တပ်ထုတ်ကုန်ရောင်းရငွေဟာ တစ်နေ့တစ်နေ့ ကျပ်သိန်းရာနဲ့ချီ၊ထောင်နဲ့ချီရှိနေတာကိုကျနော်တို့ ပိတ်ဆို့ပြီးတော့ အဲဒီငွေတွေကို ၇ခိုင်ပြည်အကျိုးအတွက်လုပ်ပေးသင့်ပါတယ်။ တစ်ယောက်ချင်းစီတိုင်း စစ်တပ်ထုတ်ကုန်တွေကိုမသုံးကြဖို့နဲ့ အဲဒီထုတ်ကုန်တွေ ရောင်းတဲ့ဆိုင်တွေကလည်းဝယ်မသုံးကြဖို့၊ မရောင်းကြဖို့ အရေးတကြီး လိုအပ်လာနေပါပြီ”ဟုလည်း ပြောသည်။
ယခု၇ခိုင်ပြည်တွင်လည်း ပြည်တွင်းစစ်ဖြစ်နေသည့်အတွက်ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်နေသည့် ကုန်ပစ္စည်းများကို ရခိုင်ပြည်သူများကအမှုမဲ့အမှတ်မဲ့သုံးစွဲနေကြမှုကို ရှောင်ရှားရန်လိုပြီး မသုံးစွဲကြရန်ဆော်သြနေကြသည့်အဖွဲ့အစည်းများ၏လုပ်ရပ်သည်လည်း အမြော်အမြင်ရှိရှိ လုပ်ဆောင်သည့်လုပ်ရပ်ဖြစ်၍ပြည်သူများကပါ လိုက်နာဆောင်ရွက်သင့်သည်ဟု ဦးခိုင်ကောင်းစံက ပြောသည်။
“တခြားပြည်နယ်တွေမှာပေါ့။ ဥပမာကချင်တို့မှာဆိုရင်လည်း သုံးစွဲတာတွေ လျော့ကျသွားပြီ။ နောက်တစ်ခါ တခြားတိုင်းတွေမှာလည်းသုံးစွဲမှုတွေလျော့ကျသွားတယ်။ သို့သော် ၇ခိုင်မှာက ရောင်းအားအကောင်းဆုံးဖြစ်နေတယ်။ဒါကြောင့် ပြောရမယ်ဆိုရင် မသုံးတာက အကောင်းဆုံးပါ။ ဒီကမ်းပိန်းလုပ်ဆော်သြနေသူတွေရဲ့လုပ်ဆောင်မှုဟာ အမြော်အမြင်ရှိရှိလုပ်ဆောင်တာဖြစ်တယ်။သို့သော် ၇ခိုင်ပြည်သူတွေကပါ လိုက်ပါလုပ်ဆောင်ဖို့တော့ လိုတယ်ပေါ့”ဟု ပြောသည်။
စစ်တပ်ထုတ်ကုန်ပစ္စည်းများကိုရခိုင်ပြည်သူတို့ သပိတ်မှောက်ကြရန်လည်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏အစ်ကိုလည်းဖြစ်၊AA ၏အဆင့်မြင့်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးအေးထွန်း(ခေါ်) ထွန်းမင်းနိုင်က သူ၏လူမှုကွန်ရက်စာမျက်နာမှတဆင့် ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် တိုက်တွန်းရေးသားခဲ့သေးသည်။