တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

လတ်တလောစစ်ပွဲများကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ သြဂုတ် ၃၁/၂၀၂၂

လက်ရှိတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ရသေ့တောင် မြို့နယ်မြောက်ပိုင်းတို့မှ ထွက်ပြေးလာကြသည့် ထောင်နှင့်ချီရှိသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်

ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ သြဂုတ်လ ၃၀ ရက် ညနေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မေယုမြစ်အရှေ့ဘက်မှ ကျေးရွာ ခုနှစ်ရွာခန့်က ဒေသခံတစ်ထောင်ကျော်ခန့်သည် နီးစပ်ရာကျေးရွာများဖြစ်သည့် စေတီပြင်၊ ငွေတောင်၊ စက်ခေါ်ရွာ၊ ကြိမ်တန်း၊ ကျောက်ရံ၊ သိမ်တောင် အစရှိသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းတိုက်နယ်အတွင်းရှိ မညင်းတောင်တွင် ရက္ခိုင့်တပ်တော် (AA)  နှင့် မြန်မာ့စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ ဩဂုတ် ၃၀ ရက် ည ၆ နာရီခွဲခန့်က တိုက်ပွဲတစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်တွင်လည်း နောက်ထပ် တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲများအတွင်း နှစ်ဘက်တပ်များအကြား လက်နက်ငယ်၊ လက်နက်ကြီးများနှင့် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး ဇက်ရေယာဉ်များမှ လက်နက်ကြီးများ ပစ်ခတ်မှုများရှိသလို ရဟတ်ယာဉ်များကိုလည်း အသုံးပြုခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ပွဲများပြင်းထန်မှုကြောင့် ဒေသခံများမှာ နေအိမ်များတွင် နေထိုင်၍ မရတော့သဖြင့် မေယုမြစ် အနောက်ဘက်ရှိ စေတီပြင်ကျေးရွာ အပါအဝင် တခြားကျေးရွာများသို့  ညတွင်းချင်း လှေဖြင့် ကူးကာ ရောက်ရှိလာခဲ့ကြောင်း စေတီပြင်ဒေခံများက ပြောသညည်။

ထိုသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်ဒေသခံများအနက် စေတီပြင်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံခွင့်တောင်းခံသည့် လူဦးရေ ၅၀ ကျော်ခန့်ကိုလည်း စာရင်းကောက်ခံခြင်းများပြုလုပ်နေပြီး အဆိုပါစေတီပြင်ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ရန်အဆောင်အလွတ်များလည်း မရှိတော့ပြီဖြစ်ကာ အဆောင်များမှာလည်း ပျက်စီးမှုများရှိနေသဖြင့် ICRC မှ ရိက္ခာထားမည့် ဂိုထောင်တစ်လုံးနှင့် မီးစက်ထားမည့်အဆောင်တစ်လုံးတို့တွင် ယာယီနေရာချပေးထားကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းတို့၏စားဝတ်နေရေးကို ၎င်းတို့သယ်လာသည့် ရိက္ခာများနှင့် ဆွေမျိုးနီးစပ်ရာ အိမ်များတွင် ယာယီခိုလှုံစားသောက်နေထိုင်နေကြရပြီး လူမှုရေးအဖွဲ့များမှာလည်း ကူညီ ထောက်ပံ့မှုများနှင့်  လိုအပ်သည်များကို ထောက်ပံ့နိုင်ရန် စာရင်းများကောက်ခံနေကာ တိုက်ပွဲမှာရေရှည်ဖြစ်လာနိုင်သဖြင့် စားဝတ်နေထိုင်ရေးအခက်အခဲများကို ရင်ဆိုင်နေရကြောင်း သူကပြောသည်။

အခုလက်ရှိအနေအထားက တိုက်ပွဲကရေရှည်မယ့်ပုံဖြစ်တဲ့အတွက် ကျနော်တို့ ရေရှည်မှာ ကျန်းမာရေးကိစ္စတွေ၊ ဆွေမျိုးအိမ်တွေမှာလည်း ရေရှည်နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကုန်စျေးနှုန်းတွေနဲ့။ မနေ့ကတိုက်ပွဲဖြစ်တဲ့ အဲဒီဘက်မှာလည်း ရေရှည်မယ့်အနေအထားရှိပါတယ်။ စားနပ်ရိက္ခာပိုင်းတွေက ရေရှည်သွားမယ်ဆိုရင် ဒီလူတွေအတွက် CSO အဖွဲ့အစည်းတွေက ထောက်ပံ့ပေးမယ်ဆိုရင်တော့ ဒီလူတွေမိသားစုတွေအတွက် နည်းနည်းချောင်ချောင်လည်လည်တော့ ဖြစ်မယ်။ မဟုတ်ရင် အရမ်းအခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်ဟုပြောသည်။
 
တိုက်ပွဲကြောင့် ထွက်ပြေးလာကြသည့် ဒေသခံများတွင် မိမိတို့၏နေရပ်၌လုပ်ကိုင်နေသည့် အလုပ်အကိုင်များကို ရပ်နားခဲ့ရပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်အသက်စွန့်၍ ထွက်ပြေးလာကြသူများဖြစ်သဖြင့် လက်ရှိတွင် စားဝတ်နေရေးကျပ်တည်းလျက်ရှိကြောင်း မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ နီးစပ်ရာကျေးရွာသို့ထွက်ပြေးလာသည့ ဒေသခံတစ်ဦးက ပြောသည်။

စားဝတ်နေရေးကတော့ အဆင်မပြေတဲ့သူတွေ ပိုများတယ်။ ဘာလို့လဲတော့ မောင်တောကလည်း ပစ္စည်းတွေတစ်ခုမှ မတင်ရဘူးဆိုတော့ ပိုက်ဆံရှိတဲ့သူေတွေကတောင် ၀ယ်မစားနိုင်ဘူး။ ပိုက်ဆံမရှိတဲ့လူဆိုရင် ပိုဆိုးတာပေါ့နော်။ အဲတော့ရှိတဲ့ဆန်ကို လုံလောက်အောင် ချွေတာပြီး စားနေကြရပါတယ်။ ဒီထက်ကြာလာရင်တော့ ငတ်ဖို့ဖက်ကို ပိုများပါတယ်ဟုပြောသည်။

လက်ရှိတစ်ကျော့ပြန်တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံများ၏ နေရပ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ စစ်ရေးအခြေအနေမှာ တင်းမာလျက်ရှိပြီး တိုက်ပွဲများလည်းဆက်တိုက်ဖြစ်ပွားနေသဖြင့် နေရပ်ကိုပြန်နိုင်ရန် အခွင့်အလန်း တွေ့ရသေးကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာဘက်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်မှစတင်ပြီး အေအေနှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျောင်းသား၊ကျောင်းသူများ၊ ပညာရေး ဝန်ထမ်းများအပါအဝင် ရွာသားများသည် ဘေးလွတ်ရာသို့ လက်ရှိအချိန်ထိ ထွက်ပြေး တိမ်းရှောင်နေကြဟု သိရသည်။

ထို့အပြင်ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် မေယုတောင်တန် ဒုံးပိုက်ကျေးရွာအနီးတိုက်ပွဲကြောင့် အနီးအနားရှိကျေးရွာများမှ ဒေသခံအမျိုးသမီးများ၊ သက်ကြီးပိုင်းများနှင့် ကလေးသူငယ် ၆၀၀ ကျော်ခန့်မှာလည်း လက်ရှိအချိန်ထိ တိမ်းရှောင် နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းက မြောက်ဦးမြို့နယ်အတွင်းတိုက်ပွဲနှင့် တိုက်ပွဲမဖြစ်သည့်ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုကြောင့်လည်း ဒေသခံထောင်နှင့်ချီမှာ မိမိတို့နေရပ်ကို မပြန်ရဲကြသေးဘဲ နီးစပ်ရာများသို့ ထွက်ပြေးခိုလှုံနေကြကြောင်း သိရသည်။


(NN-8)

ဆက်စပ် သတင်းများ