သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

မြောက်ဦး ဘူးရွက်မညှိုးရွာအနီး စစ်ကြောင်းဝင်လာ၍ အနီးအနားရှိကျေးရွာ ၃ ရွာမှ ရွာလုံးကျွတ်ထွက်ပြေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ စက်တင်ဘာ ၂/၂၀၂၂

အင်အား ၃၀ ကျော်ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည်  မြောက်ဦးမြို့နယ် ဘူးရွက်မညိုးရွာအနီးသို့ ရောက်ရှိလာသဖြင့် ဘူးရွက်မညိုး၊ လက္ကာ၊ အောက်သကန် ကျေးရွာတို့မှ ဒေသခံများမှာ ကြောက်လန့်ကာ ရွာလုံးကျွတ်ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

၎င်းစစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီခွဲခန့် မြောက်ဦးမြို့နယ် မြောက်ဘက် တိန်ညိုကျေးရွာ တံတားဘက်ကနေ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ဘူးရွက်မညိုး ကျေးရွာအနီးသို့ ရောက်ရှိလာသဖြင့် ကျေးရွာသားများ ကြောက်လန့်ထွက်ပြေးကြသည်ဟု  လက္ကာကျေးရွာသူတစ်ဦးက ပြောသည်။

လက်ရှိ နေ့လယ်ပိုင်းအချိန်ထိ အဆိုပါ စစ်ကြောင်းမှာ ဘူးရွက်မညိုးကျေးရွာအနီးတွင် ရှိသဖြင့် မည်သူမျှ ရွာမပြန်ရဲဖြစ်နေကြသည်ဟု သူမက ပြောဆိုသည်။

ရွာကသူတွေသတင်းရတာနဲ့ ထွက်ပြေးလာကြတာ။ သူတို့အဲဒီနားကနေ ထွက်မသွားသရွေ့တော့ အဒေါ်တို့မပြန်ရဲကြဘူး။ ဘူးရွက်မညိုးက အဒေါ်တို့နဲ့တစ်ဖက်တစ်ကမ်းလေ။ အဒေါ်တို့က ကြောက်တယ်။ သူတို့အဲမှာ နေတဝင်အထိနေရင် ရွာကိုလည်းပြန်ရဲကြမှာမဟုတ်ဘူး။ အခုတောင် တောထဲမှာခြင်ကိုက်ခံပြီးနေနေကြရတယ်။ သူတို့ကိုက ကြောက်ရတယ် သူတို့ကရွာသားတွေကို အပြစ်မရှိအပြစ်ရှာဖမ်းခေါ်သွားတယ်လေ။ သူတို့လက်ထဲကိုရောက်သွားရင်တော့ သေပြီပေါ့။ ဒါကြောင့် ထွက်ပြေးလာရတယ် ထမင်းတောင်မစားခဲ့ရသေးဘူး၊ စားဖို့လည်းဘာတစ်ခုမှမပါဘူးဟု သူမက ပြောသည်။

လက်ရှိ နေ့လယ်ပိုင်းအချိန်ထိ အဆိုပါ စစ်ကြောင်းမှာ ဘူးရွက်မညိုးကျေးရွာအနီးတွင် ရှိသဖြင့် မည်သူမျှ ရွာမပြန်ရဲဖြစ်နေကြသည်ဟု သူမက ပြောဆိုသည်။

အဆိုပါ ရွာ ၃ ရွာမှ  ရွာလုံးကျွတ် ထွက်ပြေးကြရာတွင်  တစ်ကွဲတပြားစီထွက်ပြေးကြသဖြင့်  လူဦးရေမည်မျှ ထွက်ပြေး တိမ်းရှောင်သည်ကို ခန့်မှန်း၍မရနိုင်သေးကြောင်း ထွက်ပြေး တိမ်းရှောင်လာကြသည့် ဒေသခံများကပြောသည်။

တိုက်ပွဲနှင့် စစ်ကြောင်းများ ဝင်ရောက်မှုများရှိ၍ နေ့တိုင်းနီပါး ရှိနေ၍ ဒေသခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အလုပ်အကိုင်ပျက်ကာ ရပ်တည်နေထိုင်ရေးကို များစွာ ထိခိုက်နေသည်ဟုလည်း  တခြားဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

ကျနော်တို့ဘဝတွေကလည်း အရမ်းဆိုးပါတယ်။ ဘယ်အချိန်မှ သူတို့နဲ့ကင်းကင်းနေနိုင်မလဲမသိဘူး။ သူတို့ကလမ်းကနေ အေးဆေးသွားရင်တော့ ကောင်းတာပေါ့။ အခုကသူတို့ကပြောလို့မရဘူး။ ရွာထဲကိုဝင်လာရင် ဖမ်းမယ်စစ်မယ်။ ဒုက္ခတွေပါဘဲ။ ဒါကြောင့် စစ်တပ်လာရင်အကုန်လုံး ထွက်ပြေးနေကြရတယ်ဟု ပြောဆိုသည်။  

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့လယ်ပိုင်းက မြန်မာစစ်တပ်ဘက်က အေအေအခြေပြုထားသည့် နယ်မြေထဲကို ဝင်ရောက်လာ၍ မြောက်ဦးမြို့နယ် လက္ကာရွာအနီးထိတွေ့မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်။ ယင်းသို့လှမ်းပစ်ခဲ့မှုကြောင့် ကင်းဆိပ်ကျေးရွာမှ ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ရပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျေးရွာသားများအနေဖြင့် စစ်ကြောင်းဝင်ရောက်လာပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်ရသည့် အပြင် တိုက်ပွဲများဖြစ်လာပါကလည်း စစ်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မည်ကို အထူး စိုးရိမ်ကြီးလျက်ဖြစ်နေကြရသည်ဟု ဆိုသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ကြရာတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများမှာ ပိုပြီး  ဒုက္ခရောက်ကြရသည်ဟု တိမ်းရှောင်နေရသည့်  ရွာသားများက ပြောဆိုသည်။

 

(NN-8)

ဆက်စပ် သတင်းများ