နိရဥ္စရာ၊ စက်တင်ဘာ ၄/၂၀၂၂
စစ်ကောင်စီတပ်သားအများအပြားသည် ယနေ့နံနက်က မြောက်ဦးမြို့ထဲကိုဝင်ရောက်လာပြီး ရခိုင်တမျိုးသားလုံးမြတ်နိုး တန်ဖိုးထားသည့်ရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်းအပါအဝင် မြို့လယ်လူနေရပ်ကွက်များကို အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
စစ်သားများသည် စစ်ကား(၃) စီးနှင့် မြို့ထဲသို့ ယနေ့ စက်တင်ဘာ ၄ ရက် ညဥ့် ၁ နာရီအချိန်တွင် မြောက်ဦးမြို့ထဲကိုဝင်ရောက်ပြီး အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် နေရာတချို့ကို ကျည်များ ထိမှန်ခဲ့သည်ဟု ဆိုသည်။
" ည၁ နာရီလောက်မှာ စစ်ကား ၃ စီးနဲ့လာပြီး တောင်ရပ်ခွဆုံကနေ ဖြိုပစ်တာပါ။ ယမ်းသန်းပြီးတော့။ဟိုဘက်ပြေး ဒီဘက်ပြေးဆိုပြီး ပါးစပ်တွေကအမျိုးမျိုးပြော ဆဲဆိုပြီးပစ်ကြတာပါ။ ဟိုဘက်လိုက်ပစ်၊ဒီဘက်လိုက်ပစ်ကြဆိုပြီး ပြောဆိုပြီးပစ်နေတာပါ။ ဗန္ဓုလတံတားနားကလည်း ပစ်တယ်။ နန်းရာကုန်းနားမှာလည်း တံတိုင်းတွေကိုအဲ့လိုပဲပစ်ပါတယ်။ ပြီးတော့ ညတွင်းချင်း တပ်ရင်း ၃ရ၇ တပ်ထဲပြန်ဝင်သွားကြပါတယ်။ အခုကြောက်လို့ ဆိုင်တွေတောင် မဖွင့်ကြပါဘူး"ဟု ပြောသည်။
နန်းရာကုန်းတံတိုင်းများကိုပါ ပစ်ခတ်ခြင်းသည် ရခိုင်တမျိုးသားလုံးတန်ဖိုးထားသည့် ရှေးဟောင်းအမွေအနှစ်ကို ဖျက်ဆီးရန်ထပ်မံကြိုးစားခြင်းနှင့် ရခိုင်တမျိုးသားလုံးကိုမထီမဲ့မြင် စော်ကားသည့် လုပ်ရပ်အဖြစ်မြင်သည်ဟု ၎င်းက ပြောကြားသည်။
၎င်းပြင် မြို့လယ်လူနေရပ်ကွက်ထဲကို တမင်တကာယမ်းသန်းပစ်ခတ်ခဲ့ခြင်းတို့ကြောင့်အရပ်သားပြည်သူများမှာ ကြောက်လန့်ကာ သတိနှင့်နေထိုင်နေကြ၇ကြောင်း မြို့မိမြို့ဖတစ်ဦးကပြောသည်။
မြောက်ဦးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်းများက ညဥ့်၁ နာရီမှ မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးသံ (၁၅) ချက် လက်နက်ငယ်သံ အချက်ပေါင်းရာချီကြားခဲ့၇ကြောင်းမြောက်ဦးဒေသခံများက ပြောသည်။
ယခုပစ်ခတ်မှုကြောင့် လူထိခိုက်မှု ရှိမရှိကို နိရဥ္စရာကစုံစမ်းနေဆဲဖြစ်၍ အတည်မပြုနိုင်သေးပါ။
နောက်ထပ်မြောက်ဦးဒေသခံတစ်ဦးကလည်း ယနေ့ည ပစ်ခတ်မှု အခြေအနေအသေးစိတ်ကိုယခုကဲ့သို့ ပြောပြသည်။
"ပစ်တာကရိုးရိုးမပစ်ပါဘူး။ ဆဲဆိုပြီးပစ်တာပါ။ ကျနော်တို့ ပထမထင်တာတော့ ၂ ဘက်ပစ်ကြတယ်ထင်တာ။ဒါပေမယ့် အမှန်ကမဟုတ်ဘူး။ သူတို့ပဲပစ်နေတာပါ။ မြို့အနှံ့ပစ်တာပါ။ မြို့တောင်ဘက်ကလည်းပစ်တယ်။ အဓိက သူတို့ရှိတဲ့နေရာတွေဘက်ပေါ့လေ။ အဓိကကြားရတာက တောင်ရပ်ခွဆုံနားက အနီးဆုံးကျနော်တို့ကြားလိုက်၇တယ်။ လက်နက်ကြီးက (၁၅) ချက်လောက်ရှိမယ်။ လက်နက်ငယ်ကတော့ အချက်ပေါင်းမှန်းတောင်မ၇ဘူး။အနည်းဆုံး ရာချီပါတယ်။ ထိခိုက်မှုတော့မကြားမိသေးဘူး။အထက်ကိုထောင်ပစ်လား ဘယ်လိုလဲတော့ မသိဘူးပေါ့"ဟု ပြောသည်။
ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်များကြောင့် မြောက်ဦးမြို့မဈေးကိုပိတ်ထားပြီး ကျောင်းသားမိဘများ အနေနှင့်လည်း စိတ်မချ၍ သားသမီးများကို ကျောင်းမတက်ခိုင်းကြောင်းမြို့ခံများကပြောသည်။
လက်ရှိမြောက်ဦးမြို့အနှံ့မှာ စစ်သားများသွားလာလှုပ်ရှားမှုများနေပြီးတောင်ကုန်းများနှင့် သမိုင်းဝင်ဘုရားပုထိုးရှိသည့် နေရာအနီးအနားများတွင်လည်း တပ်စခန်းငယ်များအင်အားတိုးချထားကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"ကင်းဆိပ်ဖြစ်စဉ်ပြီးကတည်းကသူတို့ မြောက်ဦးမြို့ပတ်လည် တောင်ကုန်းတွေပေါ် တပ်ချထားကြတာရှိတယ်။ ဘုရားပုထိုးရှိတဲ့နေရာတွေမှာပါတပ်ချထားတာမျိုး ရှိပါတယ်။ အခုလည်း မြို့ထဲမှာစစ်သားတွေ ခြေချင်းထပ်နေပါတယ်"ဟု ပြောသည်။
သြဂုတ် ၂၈ ရက်နေ့တွင်လည်း မြောက်ဦးမြို့တပ်ရင်းများမှ လူနေကျေးရွာများကိုတမင်တကာ ရည်ရွယ်ပစ်ခတ်မှုကြောင့် (၅) နှစ်အရွယ်ကလေးငယ်အပါအဝင် (၃)ဦး သေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအဆောက်အအုံတချို့ပျက်စီးခဲ့၇သည်။
လက်ရှိ၇ခိုင်မှာ မောင်တော၊ ဘူးသီးတောင်၊ ၇သေ့တောင်နှင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တို့တွင်ရက္ခိုင့်တပ်တော် (AA) နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်စွာဖြစ်ပွားလျှက် ရှိနေပြီး စစ်ကောင်စီ၏တပ်စခန်းများဆုတ်ခွာမှု၊ စခန်းသိမ်းခံရမှုများရှိနေပြီး ထိခိုက်ကျဆုံးမှုများနေကြောင်းသိ၇သည်။ (NN-7)