Preview

မြောက်ဦးမြို့မဈေးတွင် မိုင်းရှင်းလင်းမည်ဟုဆိုကာဈေးဆိုင်များကို စစ်ကောင်စီတပ်က ပိတ်ခိုင်းထားဟုဆို

စက်တင်ဘာ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :8943
ရခိုင် သတင်း

နိရဉ္စရာ၊စက်တင်ဘာ ၅/၂၀၂၂

၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့မဈေးအား ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်ကစစ်ကောင်စီစစ်သားများမှ မိုင်းရှင်းလင်းမည်ဟုဆိုကာ ဈေးဆိုင်များကိုပိတ်ခိုင်းပြီး ဈေးဆိုင်များကကုန်ပစ္စည်းများကိုလည်းနေရာပြောင်းရွေ့ကြရန် ပြောဆိုထားသည်ဟုဆိုင်သည်များကပြောသည်။

ဈေးဆိုင်ပိုင်ရှင်တစ်ဦးက "သူတို့က တချို့တလေကို တိုက်ရိုက်ပြောတာတွေလည်းရှိတယ်။တချို့ ဆိုင်တွေကိုဆိုလည်း ဘာမှမပြောဘူး။ မိုင်းရှာဖို့စက်တွေနဲ့ ဈေးထဲဝင်သွားတာကိုလည်း မြင်လိုက်တယ်။ဆိုင်သည်တွေကိုလည်း ပိတ်ခိုင်းပြီး ပစ္စည်းတွေကိုလည်း ရွေ့ခိုင်းတယ်။ မိုင်းရှာလို့မိုင်းထပေါက်ရင် အစအနတွေကြောင့် မီးလောင်တာတွေဖြစ်မယ်ဆိုပြီးလည်း ပြောတယ်။ ပေါက်ကွဲမှုတွေဖြစ်ချင် ဖြစ်မယ်ဆိုပြီးပြောလို့ အားလုံးဒီနေ့သိမ်းနေကြတယ် ပစ္စည်းတွေကို။ ကျနော်တို့ရှေ့ကပြောပြီးပိတ်ခိုင်းတာ" ဟုပြောသည်။

ယနေ့နံနက်၁၁ နာရီကျော်ခန့်က အမြောက်ဦးဈေး အတွင်းဘက်ရှိ ဈေးဆိုင်တချို့ကို စစ်ကောင်စီတပ်သားများမှမိုင်းရှင်းလင်းမည်ဟုဆိုကာ ဆိုင်များပိတ်ရန်ပြောကြားခဲ့သလို  အပြင်ဘက်ရှိ ဈေးဆိုင်တန်းများကိုလည်း ဆိုင်သိမ်းရန်ပြောကြားခဲ့ကာ ကုန်ပစ္စည်းများကိုလည်း အခြားနေရာသို့ရွေ့ထားရန်ပြောကြားခဲ့ကြောင်း သိ၇သည်။

လက်ရှိတွင်မိုင်းရှာမည့်စက်ကိရိယာများနှင့်အတူ စစ်ကောင်စီတပ်သားများမှာ ဈေးထဲသို့ ဝင်သွားကြပြီဖြစ်ကြောင်းမျက်မြင်ဒေသခံတစ်ဦးကပြောသည်။

နောက်ထပ်ဈေးဆိုင်သည်တစ်ဦးကလည်း" အခုဈေးပတ်လည်မှာ စစ်သားတွေ အများကြီးပဲ။ ဈေးကလည်း အပြင်ဆိုင်တန်းနောက်ပဲဖွင့်တာတောင်တချို့တ၀က်ပဲဖွင့်ကြတာပါ။ကျနော်ကတော့ အခြေအနေသွားကြည့်ပြီး ပြန်လာလိုက်တယ်။ ဈေးထဲမှာ စစ်သားတွေက မိုင်းရှာမလို့ဆိုပြီးလည်းကြားခဲ့ရတယ်။ အခုထိတော့ မရှာကြသေးဘူးထင်တယ်။ အခုဈေးအပြင်ဆိုင်တန်းလျားတစ်လျှောက်မှာတော့စစ်သားတွေ သုံးယောက်တစ်စု၊နှစ်ယောက် တစ်စုဆိုသလို ရပ်သူရပ်ထိုင်သူထိုင်နဲ့။ စစ်သားရော၊ ရဲတွေပါ ရှိတယ်" ဟုပြောသည်။

လက်ရှိစစ်ကောင်စီတပ်သားများက မိုင်းရှင်းလင်းမည်ဟုဆိုကာ  မြောက်ဦးမြို့ဈေးသို့ အရပ်သား ဒေသခံများကို သွားရောက်ခြင်းမပြုရန် တားမြစ်ထား၍လက်ရှိ ဖြစ်ပေါ်နေသည့်အခြေအနေ အသေးစိတ်ကိုနိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မြောက်ဦးမြို့အတွင်းယမန်နေ့စက်တင်ဘာလ ညည့်အချိန်တစ်နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး  စစ်တပ်မှလုံခြုံရေးအင်အားတိုးချဲ့ထားမှုကြောင့်ဒေသခံများမှာ စိုးရိမ်မှုဖြစ်နေကြသည်ဟု သိ၇သည်။

ြောက်ဦးမြို့မဈေးကိုယနေ့နံနက် ၁၁ နာရီခန့်အထိ စားကုန်ဆိုင်တချို့နှင့် သား၊ငါး၊ ဟင်းဈေးတန်းတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးဈေးပိတ်ပြီးနောက် ကျန်ရှိခဲ့သည့် ဈေးဆိုင်များနှင့် ဆိုင်ပိုင်ရှင်များကို စစ်ကောင်စီတပ်သားများမှမိုင်းရှင်းလင်းမည်ဟူ၍ဆိုကာ ဆိုင်သိမ်းခိုင်းကာ ပစ္စည်းများနေရာရွေ့ခိုင်းခဲ့ခြင်းသည်ဟုဒေသခံများကပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၄ ရက်နေ့၊ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားများမှ စက်သုံးဆီများ အများအပြားဝယ်ယူသွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ထို့အပြင်မြောက်ဦးဈေးအတွင်း ယခင်က မိုင်းပေါက်ကွဲသည့်ဖြစ်စဉ်များ မရှိခဲ့ဘဲယနေ့မှရုတ်ချည်းဆိုလျှင် မိုင်းရှင်းလင်းမည့် ကိစ္စများလုပ်ဆောင်လာ၍ ဒေသခံများအနေဖြင့်ဝေဖန်သုံးသပ်စရာဖြစ်နေသည်ဟု ဆိုသည်။

လက်ရှိမြောက်ဦးမြို့အတွင်းမြောက်ဥိးမြို့နန်းရာကုန်း၊ မြောက်ဦးမြို့ဈေးပတ်ပတ်လည်လည်တွင် စစ်သားအင်အား ၄၀ ခန့်စစ်တပ်နှင့်ရဲမှ နေရာယူထားသည်များရှိကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာ ၄ ရက် ညဉ့်အချိန် ၁ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်သားများသည်  စစ်ကား (၃) စီးနှင့် အကြောင်းမဲ့ မြို့ထဲသို့ဝင်ရောက်ပစ်ခတ်ပြီးရှေးဟောင်းအမွေအနှစ် နန်းရာကုန်းတံတိုင်းများကိုပါ ပစ်ခတ်ခြင်း မြို့လယ်လူနေရပ်ကွက်ထဲကိုသေနတ်နှင့် မိနစ် (၂၀) ခန့် အချက်ပေါင်းရာချီ တမင်တကာ ယမ်းသန်းပစ်ခတ်မှုများလည်း ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင်အရပ်သားလူငယ်တစ်ဦး ဖြစ်သူ ရင်ဆို့(ခ) ကိုကျော်ဇံဝေကို ဖမ်းဆီးသွားခဲ့သည်။

(NN-8/7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.