နိရဉ္စရာ၊စက်တင်ဘာ ၅/၂၀၂၀
၇ခိုင်ပြည်နယ်၊စစ်တွေမြို့ စစ်တွေတက္ကသိုလ်အနီးတွင်ရှိသည့်အမှတ် (၃၆) ရဲတပ်ရင်းရှေ့တွင် ပစ်သတ်ခံ၇သည့် မူဆလင်လူငယ်၏ မိသားစုကို ပြည်နယ်စစ်ကောင်စီကငွေကျပ် ၅ သိန်း လျော်ကြေးပေးပြီး အလောင်းကို မိသားစုထံပြန်အပ်ကာမတော်တဆဖြစ်မှုဟု ဆိုကာ ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု သိ၇သည်။
၎င်းလူငယ်၏အလောင်းကိုရဲတပ်ဖွဲ့မှ ယမန်နေ့သြဂုတ်လ ၄ ရက်၊ နေ့လယ် ၃ နာရီခန့်က ဒါးပိုင်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ပြည်နယ်အစိုး၇မှ မိသားစုထံ ငွေကျပ် ၅ သိန်းပေးလျော်ကြေးပေးကာ မတော်တဆဖြစ်သည်ဆိုသည့် ဝန်ခံလက်မှတ်ကိုထိုးခိုင်းခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် မူဆင်လူငယ်တစ်ဦးကပြောသည်။
“ပြည်နယ်အစိုး၇ဆီက လာပေးတယ်လို့တော့ သိရတယ်။ နယ်လုံဝန်ကြီးပါလာတယ်လို့လည်းပြောသံကြားတယ်။ လျော်ကြေး ငါးသိန်းပေးပြီးတော့ လက်မှတ်ထိုးခဲ့ရတယ်ပေါ့နော်။ သူတို့အပြစ်မရှိဘဲနဲ့ သတ်ပစ်ပြီးတော့ လူ့အသက်ကို ပိုက်ဆံနဲ့ လဲနေသလို ဖြစ်နေပါပြီ။ အပြစ်မရှိဘဲနဲ့အလကားသက်သက် လူငယ်တစ်ယောက်ကို သတ်လိုက်တာက ပြောရမယ်ဆိုရင် ကျနော်တို့အတွက် လုံခြုံရေး အာမခံချက်မရှိဘူးဆိုတာကိုထောက်ပြနေတာပါ” ဟုပြောသည်။
ယမန်နေ့စက်တင်ဘာ ၄ ရက်၊ နံနက် ရ နာရီခန့်က ဒါးပိုင်ကျေးရွာမှ ဘုမေကျေးရွာသို့ ဆိုင်ကယ်ဖြင့်လာသည့် မူဆလင် လူငယ်နှစ်ဦးအနက် ဆိုင်ကယ်မောင်းသူဖြစ်သည့် မောင်ဇော်မိရ်ဟူးဆောင် (၂၀)နှစ်ကို စစ်တွေ တက္ကသိုလ်နှင့် ကပ်လျက်ရှိသော အမှတ်(၃၆) ရဲတပ်ရင်းမှရဲသားတစ်ဦးက ကိုဗစ်အပြင်ထွက် ကဒ်များကို စစ်ဆေးမေးမြန်းပြီးနောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု မျက်မြင်ဒေသခံများကပြောသည်။
အခြားဘုမေရွာသားတစ်ဦးကလည်း“မနေ့ကသေနတ်နဲ့ပစ်သတ်ခံရတဲ့ကလေးကို ရဲကကားနဲ့ ဆေးရုံကိုခေါ်သွားပြီးတော့ ပြန်ပြီးမိသားစုဆီကိုသွားပေးခဲ့ပါတယ်။ နောက်ပြီး ပိုက်ဆံငါးသိန်း ပေးခဲ့တယ်လို့လည်း ကျနော်တို့သတင်းတွေ ကြားနေ၇ပါတယ်”ဟုပြောသည်။
အဆိုပါမူဆလင်လူငယ်အားယမန်နေ့စက်တင်ဘာလ ၄ ရက်၊ ညနေ ၄ နာရီခန့်က ဒါးပိုင်မူလဆင် သုဿန်တွင်သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်းသိ၇သည်။
အဆိုပါမူဆလင်လူငယ်သေနတ်ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်ကြောင့်ယင်းဒေသအတွင်းနေ မူဆလင်လူမျိုးများမှာ ၎င်းတို့၏ လုံခြုံရေးနှင့်အသက်အန္တရာယ်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်းဒေသခံများကပြောသည်။
မောင်ဇော်မိရ်ဟူးဆောင်နှင့်အတူပါလာသည့်လူငယ်ကိုလည်း ယင်းတပ်ရင်းတွင် နာရီအနည်းငယ်ကြာ ထိန်းသိမ်းထားခဲ့ပြီးနောက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟုဒေသခံများကပြောသည်။
အဆိုပါလူငယ်သေဆုံးမှုနှင့် ပတ်သက်ပြီး မျက်မြင် အရပ်သားပြောဆိုသလို ပြည်နယ်အစိုး၇မှ ငွေကျပ်ငါးသိန်း လျှော်ကြေးပေးခဲ့ခြင်း ဟုတ်/မဟုတ်၊ မည်သည့်အတွက်ကြောင့် ယခု သတ်ဖြတ်မှု ဖြစ်ပွားသည်ကိုသိရှိလိုသဖြင့် စစ်တွေမြို့နယ် ရဲမှူးနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးကိုဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် ယခုဖြစ်စဉ်နှင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်းမရှိသေးပါ။
အမှတ်(၃၆) ရဲတပ်ရင်းသည် မူဆလင်များအား ကိုဗစ်အပြင်ထွက်ကတ်များကို အမြဲစစ်ဆေးလေ့ရှိသည်ဟုလည်းသိ၇သည်။ (NN-8)