နိရဥ္စရာ ၊ စတင်ဘာ၆/၂၀၂၂
အိန္ဒိယနိုင်ငံ၊ နာလန္ဒာမြို့တွင်သီတင်းသုံးနေစဉ် ပျံလွန်တော်မူသွားသည့် ရခိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရအား ရည်စူး၍ တစ်လပြည့်အောက်မေ့ဖွယ် အထိမ်းအမှတ်အလှူဒါနတစ်ခုကိုယမန်နေ့က ရန်ကုန်တွင်ပြုလုပ်ခဲ့သည်ဟု သိ၇သည်။
ရန်ကုန်မြို့ရှိ မြောက်ဒဂုံမြို့နယ်ဗိုလ်ဗထူးလမ်း (၄၂)ရပ်ကွက်၊ ဓမ္မစက္ကဝိဟာ၇ မိဂဒါဝုန်ကျောင်းတွင်စတင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပင့်ဖိတ်ထားသည့်ဆရာတော်ကြီး ၁၅ပါးအပါအဝင်၊ သက်ဆိုင်ရာတပည့်၇ဟန်းသံဃာတော် အပါး ၉၀ နှင့်မယ်သီလရှင် ၈ ပါးတို့အား ဆရာတော်ကြီး၏တပည့် ၇ဟန်းသံဃာများနှင့်တကာ၊ တကာမများကစုပေါင်းပြီး သံဃာ့ဒါနဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟုသိ၇သည်။
ဆရာတော်ကြီး၏တပည့်ဖြစ်သူအခမ်းအနားမှူး ဗုဒ္ဓဂယာဓမ္မရိပ်ဆရာတော် ဒေါက်တာအရှင် ဉာဏဒဿနက"ဆရာတော်ဘုရားရဲ့ကျေးဇူးတရားတွေကလည်းပဲ ဘုန်းဘုန်းတို့ ဒီမဇ္ဈိမဒေသအိန္ဒိယတစ်ခွင်မှာလည်းပဲ အင်မတန်ကြီးမားပါတယ်။ ဆရာတော်ဘုရားရဲ့ ကျေးဇူးတရားနဲ့ကင်းတဲ့သူရယ်ဆိုတာ အင်မတန်မှရှားပါတယ်။အဲ့ဒါကြောင့်မို့လို့ ဆရာတော်ရဲ့ ကျေးဇူးတရား ဦးထိပ်ပန်ဆင်ပြီးတော့အခုလို သံဃာ့ဒါနဆွမ်း ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ပါတယ်"ဟု နိရဥ္စရာကိုမိန့်သည်။
မိဂဒါဝုန်ဆရာတော်၊ ရွှေစာရံဆရာတော်၊လယ်တီရိပ်သာဆရာတော်၊ ဆရာတော် ဦးသုပီယ၊ သာသနဟိတဆရာတော်၊ မဟာဗောဓိဓမ္မရိပ်သာဆရာတော်၊ဓမ္မိကာရုံဆရာတော် (မဟန)၊ အောင်မြေရတနာဆရာတော်၊ ဆရာတော်ဦးဝါသ၀၊အလိုတော်ပြည့်ဓမ္မစရိယတက္ကသိုလ်နာယကချုပ်၊ ဆရာတော်သုဒ္ဒရ၊ဆရာတော်ဉာဏသာမိ (ဘန္တေ)၊ ဆရာတော် ဦးယသ (ထောက်ကြန့်)၊ ဆရာတော် ဦးအာဒိစ္စ(တ/ဥက္ကလာပ)နှင့် အောင်ဆန်းဆရာတော် စသည့် ဆရာတော်ကြီး ၁၅ ပါးအပါအဝင်၊ဆရာတော်ကြီး၏ တပည့်ရဟန်းသံဃာတော်ဆရာတော်များ၊ အိန္ဒိယနိုင်ငံမှစာသင်ပြီးပြန်လာသည့်ရဟန်းများ၊ ဇနိတာရာမ သီလရှင်ကျောင်းတိုက်(သန်လျင်)မှ အမှူးပြုသော မယ်သီလရှင် ၈ ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုလည်းသိ၇သည်။
ယင်းအပြင် အခမ်းအနားတွင်ဆရာတော်ကြီး ၁၅ ပါးအား ဂုဏ်တော်သင်္ကန်းနှင့် နာ၀ကမ္မဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း၊ဆရာတော်ကြီး၏ တပည့်၇ဟန်းသံဃာတော်များကိုလည်း အလှူငွေဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်ကြီး၏ အောက်မေ့ဖွယ်ရာကျေးဇူးတရားများ၊အတ္ထုပ္ပတ္တိများကိုလည်း အနုပညာရှင်များဖြစ်ကြသည့်ရွှေတံဆိပ်ဆုရှင် စိမ်းလဲ့လဲ့၊ စန္ဒရားပညာရှင် ကျော်သူဝင်း၊ရခိုင်တေးသံရှင် မိုး၀သန်နှင့် တခြားအနုပညာရှင်များက ဖော်ကျူးသီဆိုခဲ့ကြသည်ဟုလည်းသိ၇သည်။
ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာလင်္ကာရသည်သက်တော် ၇၈ နှစ်၊ သိက္ခာတော် ၅၈ ဝါအရောက် ပြီးခဲ့သည့် ဩဂုတ်လ၆ ရက်၊ စနေနေ့တွင်လူကြီးရောဂါဖြင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် နာလန္ဒာမြို့၊ တရုတ်မြန်မာကျောင်း (လက်ရှိသတင်းသုံးနေထိုင်တော်မူသည့်ကျောင်း)၌ ဘ၀နတ္ထံပျံလွန်တော်မူသွားခြင်းဖြစ်သည်။
ဆရာတော်ဘုရားကြီး၏ပျံလွန်တော်မူသည့်အပေါ် တပည့်ရဟန်းသံဃာတော်များအနေဖြင့်အိန္ဒိယနိုင်ငံသာသနာပြုလုပ်ငန်းများအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟုမိဂဒါဝုန်ကျောင်းတိုက်ဆရာတော်ဘုရားက မိန့်ကြားသည်။
“ဆရာတော်ကြီး အိန္ဒိယရောက်သွားတော့အင်္ဂလိပ်စာ (Grammar )များကိုတစ်ပါးတည်း လူမျိုးမရွေး၊ဘာသာမရွေး၊ အထူးသဖြင့် ၇ဟန်းသံဃာတော်တွေ၊ ကိုယ့်လူမျိုးလူငယ်တွေကိုမြေတောင်မြောက်ပေးတဲ့နေရာမှာ နံပါတ် ၁ လို့တောင်သတ်မှတ်လို့၇ပါတယ်။အထူးသဖြင့် လေးစားပါတယ်" ဟုမိန့်သည်။
ဆရာတော်ကြီးသည် တပည့်ရဟန်းသံဃာတော်များကိုပညာသင်ပေးရုံသာမက နေရာမရရှိသည့် ရဟန်းသံဃာတော်များကိုလည်း ဆရာတော်ကြီး၏ကျောင်းတော်တွင်နေရာချပေးတတ်ပြီး ထိုကဲ့သို့စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်တစ်ပါး နောက်ထပ်ပြန်ပေါ်လာမည်ဆိုသည်မှာမလွယ်ကူတော့ဟု မိန့်သည်။
ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာလင်္ကာရလောင်းလျာကို ၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်ဦးရွာတွင်ခမည်းတော် ဦးထွန်းအောင်၊ မယ်တော် ဒေါ်ဝမ်းဖြူတို့က ၁၃၀၆ ခုနှစ်၊ပြာသိုလ်လပြည့်ကျော် (၁၄)ရက်၊ ကြာသပတေနေ့ (၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)တွင်ဖွားမြင်တော်မူပြီးမွေးချင်းမောင်နှမ နှစ်ယောက်တွင် အကြီးဆုံးသားဦး၇တနာဖြစ်ကာ ငယ်နာမည်မှာမောင်မြစိန်ဖြစ်သည်။
ဆရာတော် လောင်းလျာသည်ငယ်စဉ်ကလောင်မီးရွာ ဆရာတော်အသောကထံတွင် အခြေခံပညာများကိုလေ့လာသင်ယူခဲ့သည်။
ယင်းနောက် စစ်တွေရှိပြည်တော်ပြန်ကျောင်းတိုက်၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဓည၀တီသာသနာပြု ကျောင်းတိုက်၊စမ်းချောင်းမြို့ ဗားကရာကျောင်းတိုက်၊ ပိန္နဲကျောင်းတိုက်တို့တွင်သီတင်းသုံး၍ ပထမငယ်၊ပထမလတ်နှင့် ပထမကြီးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့သည်။
ယင်းသို့အောင်မြင်ပြီးနောက် အိန္ဒိယနိုင်ငံရှိနာလန္ဒတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူခဲ့ရာ B.A, M.A, Ph.D ဘွဲ့များကိုအောင်မြင်ရယူပြီးနောက်ဒေါက်တာ ပညာလင်္ကာရ ဟုထင်ရှားလာခဲ့ခြင်း ဖြစ်သည်။ (NN - 13)