ရခိုင်ရှေးဟောင်းမင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည့် မြောက်ဦးမြို့ပတ်ပတ်လည်လည်ရှိ တောင်များတွင် စစ်ကောင်စီတပ်သားများကို ၉ ယောက်တစ်စု၊ ၁၀ ယောက်စု ကင်းစခန်းချထားပြီးစစ်တပ်သားများ ဓာတ်ဆီဘူးနှင့် ပုလင်းများဆောင်ထားခြင်းမှာ အကယ်၍ မြောက်ဦးမြို့တွင်တိုက်ပွဲဖြစ်ပွားပါက မြို့ကိုမီးတိုက်ရန် ရည်ရွယ်ထားပုံရသည်ဟု စစ်ရေးလေ့လာအကဲခတ်သူတစ်ဦးကပြောဆိုသည်။
“ အခု သူတို့ လှုပ်ရှားမှုကို အရင်နဲ့ မတူတဲ့ အချက်နှစ်ချက်သုံးချက်ကိုတွေ့ရတယ်။တစ်တချက်က မြောက်ဦးမြို့ ပတ်ပတ်လည်မှာရှိတဲ့ တောင်ထိပ်တွေမှာ ၁၀ ယောက်တစ်စု၊ ၉ ယောက်တစ်စုစစ်သားတွေကို နေရာချထားတယ်။ ဒါက အရင်ဒီလိုမျိုးဖြန့်ခွဲပြီး နေရာယူတာမျိုး မရှိဘူး။ခုလိုလုပ်တာက အေအေကို လာတိုက်ဖို့ မျှားခေါ်တာ ဖြစ်နိုင်တယ်လို့ ယူဆလို့၇တယ်”ဟု၎င်းက သုံးသပ်ပြောဆိုသည်။
နောက်ထပ်တစ်ခုထူးခြားမှုမှာ မြန်မာစစ်ကောင်စီတပ်သားများသည် တပ်စိတ်အလိုက်၊တစ်စုအလိုက် ဓာတ်ဆီဘူးများနှင့် ပုလင်းများကို ဆောင်ထားကြခြင်းဖြစ်ပြီး သွားရာတိုင်းကိုယူဆောင်နေသည်မှာထူးခြားမှုတစ်ခုဟု ဆိုသည်။
“ ဒီဓာတ်ဆီးဘူးတွေကို စစ်သားတွေက သွားလေရာရာကို ယူဆောင်နေတာကမြောက်ဦးကို အေအေ ဝင်တိုက်တာနဲ့ တိုက်ပွဲဖြစ်ရင် မီးရှို့မယ့် သဘောဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်တွေနဲ့စစ်သား အနည်းစီကို တောင်ထိပ်တွေမှာ ဖြန့်ခွဲချပြီး အေအေကို လာတိုက်အောင် မျှားခေါ်နေတယ်။အေအေက လာတိုက်တာနဲ့ မြောက်ဦးကို မီးရှို့ လိမ့်မယ်။ ဒါက သူတို့ မြန်မာစစ်တပ်လုပ်နေကျသူတို့ရဲ့ အစဉ်အလာပေါ့။ဒါမျိုးတွေကို ကရင်ပြည်နယ်တိုက်ပွဲမှာ ပြုလုပ်ခဲ့သလို အခုလက်ရှိ ချင်းနဲ့ စစ်ကိုင်းတိုင်းတွေဘက်မှာလုပ်နေတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
၎င်းပြင် မြောက်ဦးကို မီးရှို့မည်ဟု စစ်ကောင်စီက ကောလဟလသတင်းများလွင့်ထားပြီး တစ်ဖက်တွင်လည်း စစ်သားများ ဓာတ်ဆီများဝယ်ယူနေသည်ကိုပြည်သူများရှေ့ လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် ပြသမှုပြုလုပ်ခဲ့မှုများသည်မှာ ပြည်သူကို အကြောက်တရားဝင်အောင်ခြောက်လှန့်ထားခြင်းဖြစ်သည်ဟုဆိုသည်။
“ မြောက်ဦးသားတွေနဲ့ဒီလို ခြိမ်းခြောက်တိုင်း ကြောက်မနေကြဖို့လိုတယ်။ ကိုယ်အလုပ်ကိုယ်လုပ်၊ သွားနေကျအတိုင်းနေကြဖို့ပါပဲ။ဈေးရောင်းစရာရှိတာကိုရောင်း၊ ဝယ်ယူက ဝယ်ကြ။ မြောက်ဦးကို စစ်တပ်က မီးရှို့ရင် ရာဇဝင်တွင်သွားပါလိမ့်မယ်။ဒုတိယအကြိမ် သမိုင်းအမဲစက်ကြီး ဖြစ်သွားပါလိမ့်မယ်။ မြောက်ဦးဆိုတာက ရခိုင်တမျိုးသားလုံးရဲ့အထွဋ်အမြတ်နေရာဖြစ်တယ်”ဟု ပြောဆိုသည်။
ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်း အခြေအနေမှာ မြောက်ဦးမြို့လယ်နေရာအများအပြားတွင် စစ်သားများ ဟိုတစ်စု ဒီတစ်စု နေရာယူထားပြီး ဈေးကြီးကို ပိတ်ထားသော်လည်းဈေးပြင်ပတွင် သားငါးဟင်းသီးဟင်းရွက်များကို ရောင်းချသူများနှင့် ဝယ်ယူသူများရှိခဲ့သည်ဟုဆိုသည်။
မြောက်ဦးဒေသခံတစ်ဦးက “ စစ်တပ်ကဈေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ တားမြစ်ထားပေမယ့် အငတ်ခံလို့ မနေနိုင်ဘူး။ ဒါကြောင့်တချို့က ဈေးလာရောင်းတယ်။ တချို့က ဈေးလာဝယ်။ ပုံမှန်လိုဘဲ ရှိခဲ့တယ်။ ဆိုက်ကားသမားတွေလည်းအငတ်မခံနိုင်တော့ ငွေထွက်ရှာရပေါ။ဒီလိုတော့ နည်းနည်းပါး သွားလာတာတွေရှိနေပါတယ်။ မလိုအပ်ရင်တော့အများစုက အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာဘဲ နေကြတယ်။ လက်ရှိ အခြေအနေက မြန်မာစစ်ကောင်စီတပ်နဲ့ဘာမှ အပြစ်မရှိတဲ့ မြောက်ဦးမြို့တို့ ရန်ဖြစ်နေသလိုပါပဲ”ဟုပြောဆိုသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA) ကလည်းစက်တင်ဘာ ၅ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီသည် ၎င်းတို့အထိနာတိုင်းပြုလုပ်နေကျအတိုင်း ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊ မြောက်ဦးမြို့မဈေးကို မီးရှို့ရန်ကြံစည်နေကြောင်း၊ ၎င်းကြံစည်မှု အထမမြောက်အောင် စောင့်ကြည့်ကြရန်လိုကြောင်း၊ ယခုကဲ့သို့သောစစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုသမိုင်းအမွေအနှစ်များကိုဖျက်ဆီးသည့် ပြစ်မှုကျူးလွန်ခြင်းမျိုးကိုတချိန်ချိန်၌ အပြစ်ပေးအရေးယူနိုင်ရန်အတွက် နိုးနိုးကြားကြားသတိဖြင့်နေထိုင်သွားလာကြရန် နိုင်ငံတကာနှင့် မိဘပြည်သူလူထုများသို့ တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(ဓာတ်ပုံ- ရခိုင်မှာ ဘုရားတောင်တစ်ခုတွင် စစ်ကောင်စီတပ် တပ်စွဲထားပုံ/ မူရင်းပိုင်ရှင်ရိုက်ကူးသူကို Credit ပေးပါသည်။)