နိရဉ္စရာ၊ စက်တင်ဘာ ၇/၂၀၂၂
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးများချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့၊ ရှိနာဂါဝါရှိ မြန်မာသံရုံးရှေ့တွင် စက်တင်ဘာ၈ ရက်တွင် ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
ဆန္ဒပြပွဲကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ/ANDP (ဂျပန်) က ဦးဆောင်သွားမည်ဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွင် ပူးပေါင်းပါဝင်ကြရန်ဂျပန်ရောက် ရခိုင်အမျိုးသားများနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများကို ဖိတ်ခေါ်ထားသည်။
၎င်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက “ ဒီဆန္ဒပြပွဲကအခုလတ်တလော ရခိုင်ပြည်အတွင်း စစ်ကောင်စီကနေ ပြည်သူတွေကို မတရားသတ်ဖြတ်မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကန့်ကွက်တဲ့ အနေနဲ့ ကျွန်တော်တို့ ANDP ကနေ ဦးဆောင်ပြီးတစ်ခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်း ဆန္ဒပြသွားမှာဖြစ်ပါတယ် “ဟု ပြောသည်။
ဆန္ဒပြပွဲကို မြန်မာသံရုံးရှေ့တွင် ဂျပန်စံတော်ချိန် ညနေ၃ နာရီမှ ၄ နာရီ ၃၀ မိနစ်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ANDP၏ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ဖိတ်ခေါ်ထားသည့် စာထဲတွင် စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်မှရခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များကို ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်ခြင်း၊ရည်ရွယ်ချက်ရှိရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်နေခြင်းအားကန့်ကွက်ခြင်းနှင့် ရခိုင်မြေပေါ်မှ ထွက်ခွာပေးရန် ANDP ( ဂျပန်)မှ ဦးဆောင်ပြီး ရှုံ့ချဆန္ဒပြပွဲပြုလုပ်မည်ဖြစ်ပါသောကြောင့် ဂျပန်ရောက် ရခိုင်ပြည်သူများနှင့်တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ဖိတ်ကြားထားသည်။
ဆန္ဒပြပွဲတွင် သြဂုတ်လ(၂၈) ရက် ညနေ ၄ နာရီကျော်က မြောက်ဦးမြို့ အခြေစိုက်မ၇ ၃ရ၇နှင့် ၃၇၈တပ်ရင်းတို့က ကင်းဆိပ်ကျေးရွာထဲကို တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍သေဆုံးခဲ့၇သူ အသက် (၅) နှစ်အရွယ်မောင်မြတ်သူလင်းနှင့် တစ်ခြားသေဆုံးခဲ့ရသူများ၏ ရုပ်ပုံများကိုကိုင်ဆောင်ကာ ဆန္ဒပြသွားမည်ဟု ၎င်းက ပြောဆိုသည်။