နိရဥ္စရာ၊ စက်တင်ဘာ ၇/ ၂၀၂၂
၇ခိုင်ပြည်နယ် မြေပုံမြို့တွင်စစ်သား ၄၀ ခန့်ဝင်ရောက်နေထိုင်လျက်ရှိသည့် နတလရုံးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်တွင်မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်ကသေဆုံးမှုများရှိနိုင်သည်ဟု ဖြစ်စဉ်ကို အနီးကပ်သိနေသူ မြို့ခံများက ပြောသည်။
မြေပုံမြို့ကံသာထွက်၀ရပ်ကွက် ဆီဆိုင်တန်းအနီးရှိ နတလရုံးကို AA က ယနေ့ စက်တင်ဘာလ ရ ရက် နံနက် ၁၁ နာရီကျော်တွင်မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“မိုင်းက ၆လုံးဖြစ်မယ်။ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ မနက်က အဲဒီမှာ စစ်ကောင်စီဘက်ကလူတွေဟာ၃၀၊၄၀ မြင်ခဲ့တယ်လို့ ပြောကြတယ်။ တိုက်ခိုက်မှုဖြစ်တာသေချာပါတယ်”ဟု ပြောသည်။
၎င်းစစ်သားများသည် ၎င်းအဆောက်အဦတွင် နေထိုင်နေရာက ၁၀ ရက်ခန့် ပျောက်နေပြီးနောက် မနေ့ကမှ ပြန်လည်ရောက်ရှိလာပြီး စခန်းချနေထိုင်စဉ်အတွင်း ပေါက်ကွဲခြင်းဖြစ်ကြောင်း သိ၇သည်။
ယခုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်တပ်ဘက်ကယနေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်အထိ မြေပုံမြို့နယ် ဝက်ဂေါင်းရွာဘက်သို့လက်နက်ကြီး ၃ ကြိမ်နှင့် လက်နက်ငယ်များပစ်ခတ်လျက်ရှိသည်ဟုသိ၇သည်။
နောက်ထပ် မြို့ခံတစ်ဦးက “အခုတော့ စစ်တပ်ဘက်ကဆီဆိုင်တန်းဘက်ကိုသွားတဲ့သူတွေကို သေနတ်တွေနဲ့ လိုက်ပစ်နေပါတယ်။ အခု ပစ်နေတာ”ဟု ပြောသည်။
ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေသည့်အတွက် မြေပုံမြို့တွင် စစ်သားအများအပြား နေရာယူလျက်ရှိပြီး ဈေးဆိုင်များနှင့်စာသင်ကျောင်းများကိုလည်း ပိတ်သိမ်းကာ မြို့တွင်းတွင်လူသွားလူလာနည်းပါးလျက်ရှိသည်ဟု သိ၇သည်။