Preview

မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ်မိတ်ဆက်ပွဲပြုလုပ်၊ AA နှင့် UWSA တို့ကိုအင်အားကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ်ဖော်ပြ

စက်တင်ဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :6951
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၈/၂၀၂၂

BNI( Burma News International)က ထုတ်ဝေသည့် မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းစာအုပ်နှစ်အုပ် ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သည်။

၎င်းစာအုပ်နှစ်အုပ်မှာ မြန်မာနိုင်ငံ၏ ၂၀၁၉-၂၀၂၀ လက်နက်ကိုင်ပဋိပက္ခ နှင့် ၂၀၂၁-၂၀၂၂ လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး ကောက်ယူစုဆောင်းရရှိထားသော အချက်အလက်များကို ပြည့်ပြည့်စုံစုံကိန်းဂဏန်းအချက်အလက် အညွှန်းများနှင့် အတူ ဖော်ပြထားသည်။

အဆိုပါ ထုတ်ဝေသောစာအုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏အင်အားကို ဖော်ပြရာတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ယူထားသော NCAလက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသော အဖွဲ့များဟု  Deskboards ၂ခုခွဲ၍ ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင်များအထဲတွင်UWSA (ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်) နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကို အင်အား ၃ သောင်းခန့်ဖြင့် အင်အားအများဆုံးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအဖြစ်ထိပ်ဆုံးက ဖော်ပြထားသည်။

စစ်အစိုးရနှင့် လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အင်အားမှာ ၇၈. ၅၅ ရှိပြီး စစ်အစိုး၇နှင့်  NCA လက်မှတ်ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အင်အားမှာ ၂၁. ၄၅ သာရှိကြောင်း ဖော်ပြသည်။

ဘီအမ်းအိုင် ဥက္ကဋ္ဌ (၁) ဒေါ်နန်းဖော့ဂေက  ဒီစာအုပ်ကတော့ အချိန်တော်တော်ယူပြီးသတင်းဌာန ၂၀ ကျော်၊ မြေပြင် သတင်းထောက်တွေဆီက ရရှိလာတဲ့ အချက်အလက်တွေကို သေချာစိစစ်ပြီးမှဘီအမ်းအိုင် ငြိမ်းချမ်းရေး အဖွဲ့က ရေးသား ထုတ်ဝေထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လေ့လာသူတွေ၊ အဖွဲ့အစည်းတွေအတွက် အသုံးပြုနိုင်မယ့် စာအုပ်နှစ်အုပ်ပါ။ ဒီလိုငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စာတွေကို ပြုစုထုတ်ဝေနိုင်တဲ့ အတွက် ဘီအမ်းအိုင်အတွက်ဂုဏ်ယူသလို ပြုစုရေးသားထုတ်ဝေတဲ့ ငြိမ်းချမ်းရေး PeaceTeam ကိုလည်း ကျေးဇူးတင်ပါတယ်။ အလှူရှင်တွေကိုလည်း ပံ့ပိုးကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်”ဟုစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

တိုက်ပွဲများနှင့်ပတ်သက်ပြီး ဖော်ပြရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ်များအတွင်းတိုက်ပွဲများကို လေ့လာကြည့်ပါက ရက္ခိုင့်တပ်တော် (AA) နှင့်တပ်မတော်အကြား တိုက်ပွဲအရှိန်အမြင့်ဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စာအုပ်ထဲတွင် ၂၀၁၉- ၂၀၂၀ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ရက်ပေါင်း၄၁၈ ရက်ဖြစ်ပွားခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့်ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ရက်ပေါင်း ၂၆၉ ရက်ဖြစ်ပွားခဲ့ကာ ကျောက်တော်မြို့နယ်တွင် စုစုပေါင်းရက်ပေါင်း ၅၃ ရက် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

တစ်နှစ်တွင် ရက်အရေအတွက်မှာ ၃၆၅ ရက်ရှိသော်လည်း တိုက်ပွဲဖြစ်ပွားမှုမှာနေ့ရက်များနေရခြင်းမှာ တိုက်ပွဲဖြစ်ပွားမှု ကြိမ်ရေလိုက်ယူပါ ယူရန် မလွယ်ကူ၍ ရက်လိုက်မှတ်ထားခြင်းဖြစ်ကြောင်းငြိမ်းချမ်းရေးစာအုပ်ရေးသားရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

  ပြောရမယ်ဆိုရင်တစ်နေ့တည်း ရခိုင်မှာလည်းတိုက်ပွဲဖြစ်တယ်။ ရှမ်းမြောက်မှာလည်း တိုက်ပွဲဖြစ်တယ်ဆိုရင်ကျနော်တို့ တိုက်ပွဲဖြစ်ရက် ၂ ရက်ယူလိုက်တာပေါ့။ ရခိုင်မှာ တစ်ရက်တည်း ၅ ပွဲဖြစ်ချင်ဖြစ်မယ်။ရှမ်းမြောက်မှာ ၃ ပွဲဖြစ်ချင်ဖြစ်မယ်။ တိုက်ပွဲဖြစ်တဲ့ အကြိမ်ရေကို ယူရမှာခက်ခဲတဲ့အတွက် ဒေသ အလိုက် တိုက်ပွဲဖြစ်တဲ့ ရက်အရေအတွက်ကို ယူထားတာဖြစ်ပါတယ်။ တစ်ရက်တည်းမှာကချင်မှာလည်းဖြစ်မယ်၊ ရခိုင်မှာလည်းဖြစ်မယ်။ ရှမ်းမှာလည်း ဖြစ်မယ်ဆိုရင် ၃ ရက်လို့ယူလိုက်တာပေါ့။ ဒါကြောင့် တိုက်ပွဲဖြစ်တဲ့ရက်အရေအတွက်က တစ်နှစ်မှာရှိတဲ့ ၃၆၅ ရက်ထက် များနေတာဖြစ်ပါတယ်ဟု ရှင်းပြပြောဆိုသည်။

၂၀၁၉-၂၀၂၀ တွင် တစ်နိုင်ငံလုံး စစ်ဘေးရှောင် အရေအတွက်မှာ၁၂၆၄၃၃ ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စစ်ဘေးရှောင်ဦးရေ ၃၂၁၈၇၈ ထိ တိုးလာကြောင်းဖော်ပြသည်။

၎င်းစာအုပ်နှစ်အုပ်ကို သက်ဆိုင်ရာဘီအမ်းအိုင် အဖွဲ့ဝင်မန်ဘာအဖွဲ့အစည်းများမှ တဆင့်ဖြန့်သွားမှာ ဖြစ်သလို အွင်လိုင်းပလက်ဖောင်းများမှတဆင့်လည်း ဖြန့်ဝေသွားမည်ဟု သိ၇သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.