နိ၇ဉ္စရာ၊စက်တင်ဘာ ၈/၂၀၂၀
မြောက်ဦးမြို့အနှံ့အပြားတွင် စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမေးမြန်းမှုများလည်း ယခင်ကထက်ပိုများလာသလို သေနတ်ပစ်ခတ်မှုများ၊ အသံဗုံးဖောက်ခွဲမှုများလည်းပြုလုပ်လာသဖြင့် ညဉ့်အချိန်ဆို တခုခုဖြစ်မည်ကိုပိုမိုစိုးရိမ်နေ၇သည်ဟု ဒေသခံများက ပြောဆိုသည်။
၎င်းပြင် လုံခြုံရေးလည်းပိုတင်းကျပ်လာပြီး ယနေ့တွင် မြောက်ဦး မြို့မဈေးအနီးအနီး၌စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ရဲ အင်အား ၁၀၀ခန့် က လမ်းသွား လမ်းလာများနှင့်ယာဥ်များကိုစစ်ဆေးခဲ့ပြီးအခြားနေရာ (၄)ခုထက်မနည်း နေရာများတွင်လည်း စစ်ဆေးခဲ့ကြောင်း မြောက်ဦးမြို့မှလူငယ်တစ်ဦးကပြောသည်။
''ဈေးဝင်ပေါက် ၃ ခုလုံးမှာသူတို့ရှိနေတယ်။ ဓာတ်ဆီဘူးတွေလည်း ချထားတာမြင်ခဲ့တယ်။ ဆိုင်ကယ်၊ သုံးဘီးတစ်စီးမှ ဖြတ်လို့မ၇ဘူး ။ အကုန်စစ်နေတယ်။ဖုန်းတွေက လူတိုင်းတော့မစစ်ဘူး။ သူတို့ မသင်္ကါတဲ့ သူတွေကိုစစ်တယ်'' အဆိုပါလူငယ်ကပြောသည်။
ယနေ့တွင် မြောက်ဦး မြို့မဈေးအနီးတောင်ရပ်ခွဆုံ၊ နန်းရာကုန်းအရှေ့ဖက်၊ ခမ၇ ၅၄၀ ရှေ့၊ သင်္ဘောဆိပ် ဆင်းလမ်းနေရာများတွင်စစ်တပ်နှင့်ရဲများပေါင်း၍ စစ်ဆေးနေကြောင်း အဆိုပါ လူငယ်ကပြောသည်။
သြဂုတ်လ၂၈ ရက်ကလည်း စစ်ကောင်စီက မြောက်ဦးမြို့မဈေးကို မီးရှို့မည်ဟု သတင်းများလည်း ထွက်ပေါ်နေသဖြင့် မြို့ခံများအကြား စိုးရိမ်နေ၇သည်ဟု သိသည်။
စက်တင်ဘာလ ၄ရက် ညဉ့်နံနက် ၁ နာရီခန့်တွင်စစ်ကောင်စီက မြောက်ဦးမြို့ထဲသို့ လက်နက်ငယ်၊လက်နက်ကြီးဖြင့် စစ်ကားသုံးစီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် မြောက်ဦးမြို့အခြေအနေမှာ စိုးရိမ်ဖွယ်အခြေအနေအောက် ရောက်နေသည်ဟု မြောက်ဦးမြို့ခံများ နိရဉ္စရာ သို့ပြောဆိုကြသည်။
စစ်ကောင်စီသည်မြောက်ဦးမြို့ကို သြဂုတ်လ ၂၉ ရက်နေ့မှစ၍ ရေကြောင်းဆက်သွယ်ရေးလမ်းများကိုပိတ်ထားပြီးမြို့တွင်းသို့ လက်နက် ကြီး လက်နက်များပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကိုဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကိုစစ်ဆေးခြင်း၊တန်ခိုးကြီးဘုရားများတွင်တပ်စွဲ ခြင်းများကိုပြုလုပ်လျက်ရှိသည်။
ထုက္ကန်သိမ်ဘုရားအနီးမှမြောက်ဦးမြို့ခံတစ်ဦးက" မနေ့က ညဉ့် အချိန် ၃နာရီ မိနစ် ၄၀ လောက်မှာပါ။ လက်နက်ကြီးက ၂ ချက်၊စက်သေနတ်သံက ၄ ချက်၊ နောက်လက်နက်ငယ်သံတွေက အများကြီး ကြား၇ပါတယ်။ ၁၀မိနစ်လောက်ကြားလိုက်၇ပါတယ်။ သူတို့ ညဘက်တွေ ကား ၂ စီးနဲ့ နေရာတွေ ဖြန့်ပြီး ကင်းချထားပါတယ်။ ဖိုးခေါင်တောင်၊မြို့ဦးခေါင်း၊ လွမ်းတောင်နားတွေမှာ ပုံမှန်နေရာယူ ကြပါတယ်"ဟု နိရဉ္စရာ သို့ပြောသည်။
အဆိုပါမြောက်ဦးမြို့ခံကယခုကဲ့သို့ပစ်ခတ်ခြင်းသည် လုထုကို ကြောက်လန့်အောင်ရည်ရွယ်၍ အကြောင်းမဲ့ပစ်ခတ်ခြင်းသာဖြစ်သည်ဟု သူက ဆိုသည်။
ရက္ခိုင့်တပ်တော် စစ်ဦးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြောက်ဦးမြို့သည် သူရဲဘောကြောင်သူများ၏လက်ထဲသို့ ဓားစာခံအဖြစ်ကျရောက်နေကြောင်း ၄င်း၏ တွစ်တာစာမျက်နှာမှ တဆင့်ပြောဆိုရေးသားထားသည်။ ( NN-16)
(ဓာတ်ပုံ- မြောက်ဦးမြို့ဈေးထဲမှ စကစတပ်၏ လှုပ်ရှားမှု)