နိရဥ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၂
၇ခိုင်ပြည်နယ်၊ မင်းပြားမြို့၊ရန်ကုန်-စစ်တွေလမ်းပေါ်ရှိ ရာမောင်တံတားအနီးတွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ စက်တင်ဘာ (၁၀) ရက် နံနက် ၉ နာရီခန့်တွင် မင်းပြား ရာမောင်တံတားအနီးတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံအရပ်သားများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကြောက်လန့်ကာ အစစ်အဆေးမခံသည့်ဒေသခံလူငယ်နှစ်ဦးမှ တစ်ဦးကို စစ်တပ်က သေနတ်နှင့်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ နှစ်ဦးလုံးကို စစ်တပ်တပ်စွဲထားသည့်တောင်ထက်သို့ ဖမ်းခေါ်သွားကြောင်း မျက်မြင်ဒေသခံ တစ်ဦး၏ပြောပြချက်အ၇ သိ၇သည်။
"လူငယ်နှစ်ယောက် ရာမောင်ဘက်ကနေ ငါးစရိုင်းချောင်း မင်းရွာဘက်ကိုသွားတာ ဖားပြိုရွာလမ်းမထက်မှာ အပစ်ခံ၇တာပါ။ ဘယ်က ကောင်လေးတွေမှန်းလည်း မသိ၇သေးပါဘူး။ တစ်ယောက်ကိုတော့ သေနတ်နဲ့လှမ်းပစ်တယ်။ အဲ့လို ပစ်သတ်ပြီး တောင်ထက်ကိုဆွဲတင်သွားတယ် နှစ်ယောက်လုံးကို" ဟု ပြောသည်။
လက်ရှိမှာ ပစ်ခတ်ခံ၇သူ၏ အမည်၊ ကျေးရွာနှင့် အသေးစိတ်အချက်အလက်များကို နိရဥ္စရာအနေနှင့်စုံစမ်းနေဆဲဖြစ်ပါသည်။
ယနေ့ နံနက် ၈ နာရီခွဲခန့်မှစကာ စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"ရာမောင်ဟိုဘက် စစ်တပ်ရှိတဲ့တောင်ကုန်းက စစ်သားတွေဆင်းပြီး မသင်္ကာတဲ့လူတွေကို လိုက်ပြီးခေါ်စစ်တယ်။ အပစ်ခံ၇တဲ့ကောင်လေးကလည်း ကြောက်လို့ထင်ပါတယ်။ မရပ်ပေးဘူး။ အဲ့ဒါကြောင့် သေနတ်နဲ့ပစ်လိုက်တယ်။ အဲ့ဒီကောင်လေးကို သူတို့တပ်စခန်းရှိတဲ့ တောင်ထက်ကို ဆွဲတင်သွားပါတယ်။ သေတယ်လို့လည်း ပြောကြတယ်။ ပေါင်ကျိုးသွားတယ်လို့လည်း ပြောကြပါတယ်။ ဘယ်သူမှတော့အတိအကျမပြောနိုင်ပါဘူး။ အနားလည်း သွားမကြည့်ရဲလို့" ဟု ပြောသည်။
စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဒေသခံများအကြား စိုးရိမ်မှုများမြင့်တက်လျှက်ရှိပြီး လက်ရှိပစ်သတ်ခံ၇သူ၏ သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေကို မသိနိုင်သေးပေ။
"သေလား၊ မသေလားက မပြောနိုင်ပေမယ့် သူတို့ဖမ်းသွားရင်စိုးရိမ်စရာရှိတယ်။ လူ မသေရင်လည်း ထပ်နှိပ်စက်နေအုံးမှာပဲ။ သေနတ်အပစ်ခံထား၇တဲ့ ဒဏ်ရာနဲ့လူတွေကို ထပ်နှိပ်စက်ခံရတာမျိုးဆိုရင် မလွယ်ဘူး"ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
လက်ရှိမှာ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ လူနေအိမ်များကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်း၊ လမ်းများတွင်လည်း ဒေသခံများ၏ ဖုန်းနှင့် ဆိုင်ကယ်များကိုတင်းတင်းကျပ်ကျပ်စစ်ဆေးပြီး ဖမ်းဆီးခြင်းများလည်း ရှိနေခြင်းဖြစ်သည်။ (NN-7)