နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၂
ကျောက်တော်မြို့နယ် သမိုင်းဝင်မဟာမုနိဘုရားကုန်းတော်တွင်တပ်စွဲထားသည့် စစ်တပ်မှ စစ်ကောင်စီ တပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီးသွားခဲ့ပြီးနောက် အနီးအနားရှိ မဟာမုနိ စစ်ဘေးရှောင်စခန်းကို အကြိမ်ကြိမ်ဝင်ရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသတင်း ရရှိသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတစ်ဦးကိုရက္ခိုင့်တပ်တော်(AA)က မဟာမုနိဘုရား မြောက်ဘက်မုဒ်၀မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောသည်။
"မနေ့က စက်တင်ဘာ ၁၀ ရက် ညနေဘက်လောက်မှ ၄ နာရီခွဲအချိန်ခန့်မှာ မဟာမုနိဘုရား မြောက်ဘက်မုဒ်၀ကဖမ်းသွားတာပါ။တပ်သားတစ်ဦးလို့ သိ၇တယ်" ဟု ၎င်းက ပြောသည်။
လက်ရှိမှာ ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သား၏ ရာထူးနှင့်အမည်တို့ကို နိရဥ္စရာအနေနှင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုကဲ့သို့ ဖမ်းဆီးသည့်သတင်းများထွက်ပေါ်ပြီးနောက် မဟာမုနိဘုရားအနီးမှစစ်ဘေးရှောင်စခန်းကို အကြိမ်ကြိမ် ဝင်ရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း စစ်ဘေးရှောင်များကပြောသည်။
" ညနေ ၆ နာရီမထိုးခင် တစ်ကြိမ်၊ ၆ နာရီကျော်မှာ တစ်ကြိမ် လာပါတယ်။ နောက် ၉ နာရီလောက်မှ တစ်ကြိမ်ထပ်လာတယ်။ အဲ့ဒီအချိန်မှာကျတော့အိမ်တိုင်းယာတိုင်းကို ဝင်စစ်တယ်။ အဲ့ဒီ အကြိမ်မှာတော့ လူများတယ်။ လူပေါင်း ၁၀ ကျော်ပါပါတယ်။ လက်နက်ကိုယ်စီယူနီဖောင်းအပြည့်နဲ့။ ပထမနှစ်ကြိမ်က လူနည်းတယ်။ နှစ်ယောက်၊ သုံးယောက်စီ လာစစ်တာပါ"ဟုစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်စခန်းမှ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊အမျိုးသားများကို စစ်ဆေး မေးမြန်းခြင်းများကြောင့် စစ်ဘေးရှောင်များ အထိတ်တလန့် ဖြစ်ခဲ့၇ကြောင်းနောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
"လူအပိုရှိလား မေးတယ်။ တက်မမွှေတဲ့အိမ်ကိုလည်းမမွှေဘူး။ မသင်္ကာရင်တက်ကြည့်တယ်။ အိမ်မှာ မိသားစု စုံလား မေးတယ်။ အမျိုးသားတွေကိုဆင်းခိုင်းတယ်။ တခြား ဘာမှမမေးဘူး။ ဘာကိုရှာလို့ ဘာကြောင့်ဝင်မွှေလဲလည်း မသိရဘူး။ စစ်ရှောင်စခန်းမှာနေရသူတွေမှာပဲလန့်နေရတယ်။ လူတွေကတော့ တော်တော်ကြောက်သွားတယ်။ မတော်ရင် အသတ်ခံရမယ်။ အဆွဲခံ၇မယ်လေ"ဟု ပြောသည်။
စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တော်က ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး အတည်ပြုချက် ရယူရန် အေအေပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးသဖြင့် ၎င်းဖမ်းဆီးမှုအပေါ်နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
ဇွန် ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိ မြို့မရဲစခန်းမှာတာဝန် ထမ်းဆောင်နေသည့် ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့အားရက္ခိုင့်တပ်တော် (အေ အေ) က ညနေ ၆ နာရီလောက်မှာ ကျောက်တော် မြို့ မြို့သစ်ရပ်ကွက်ရှိဘောလုံးကွင်းအနီးမှာ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။
ယင်းအပြင် ဇွန်လထဲတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့နယ်တို့တွင်လည်းရဲနှင့် စစ်ကောင်စီတပ်သား တချို့ကို အေအေကဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အေအေနှင့် ဆက်စက်သူများကိုဝင်ရောက်ဖမ်းဆီးမှုများအပြင် အပြစ်မဲ့အရပ်သားများကိုပါ ဖမ်းဆီးမှုများရှိခဲ့သည်။(NN-7)
(ဓာတ်ပုံ- ယခင်မဟာမုနိ စစ်ရှောင်စခန်းမီးလောင်ပြီးနောက် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာသည့်ပုံဖြစ်ပါသည်။ ဓာတ်ပုံဟောင်း)