နိရဥ္စရာ ၊ စက်တင်ဘာ၁၁/၂၀၂၂
၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှဖမ်းဆီးခံထားရသည့် ကိုရင်ဆို့ (ခ)ကိုကျော်ဇံဝေ (ခ)ဖိုးလပြည့်ကို လာမည့်စက်တင်ဘာလ၁၉ ရက်တွင် မြောက်ဦးမြို့နယ်တရားရုံး၌ရုံးထုတ်မည်ဟု သူနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။
"ရုံးထုတ်မဲ့ကိစ္စကို ပြီးခဲ့တဲ့၃ ရက် ၄ ရက်လောက်က ဖမ်းထားနေရာက တရားသူကြီးနဲ့ Video call နဲ့ ရမန်ယူထားတယ်လို့သိရတာ။ မြောက်ဦးရဲစခန်းကိုလည်း မရောက်သေးဘူး။ မိသားစုနဲ့လည်းလုံး၀အဆက်အသွယ် မ၇သေးဘူး" ဟု ပြောသည်။
လူမှုကွန်ရက်စာမျက်နှာဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများကိုမျှဝေရင်း လူသိများလာနေသည့်မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ(ခ) ဖိုးလပြည့်ကို စစ်သားနှင့်ရဲအင်အား၂၀ ခန့်က စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့၊တောင်ရပ်ရပ်ကွက်ရှိ သူ၏နေအိမ်မှ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီးလက်ရှိတွင် ရဲလက်ကို မအပ်ဘဲ မြောက်ဦးအခြေစိုက်တပ်ရင်း (၃ရရ)တွင်ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိ၇သည်။
နိုင်ငံတော်အေးချမ်းသာယာရေးကိုပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမှုလုပ်ဆောင်ခဲ့သည့်အတွက်ဟု စစ်ကောင်စီက စက်တင်ဘာ ၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ထားသည်။
သူ့ကိုနိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ထားသည်ဟုလည်း သူ၏နီးစပ်သူများက ပြောသည်။
လက်ရှိတွင်ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေ(ခ) ဖိုးလပြည့်ကို မိသားစုနှင့်လည်းတွေ့ခွင့်မပေးသေးဟု သိ၇သည်။ (NN-13)