နိရဥ္စရာ၊ စက်တင်ဘာ၁၄ /၂၀၂၂
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စုအတွင်းမှ မြိုလူမျိုး၆၀၀ ကျော်နေထိုင်သော“မြိုယု” ကျေးရွာတွင် ပြည်နယ်စစ်ကောင်စီထံမှ စားနပ်ရိက္ခာ အထောက်အပံ့မ၇တော့၍ ငတ်ပြတ်နေကြပြီဟုသတင်းရရှိသည်။
၎င်းကျေးရွာသည် ၇ခိုင်ပြည်နယ်စစ်ကောင်စီ၏ အစီအစဉ်ဖြင့် နေရာချပေးထားထားသည့် နတလ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု ၁၀၀ကျော်၊ လူဦးရေ ၆၂၁ ဦးရှိကာ ကျောက်ပန္ဒူ-စေတီပြင် ကားလမ်းဘေးရှိ မေယုတောင်ခြေရင်းတွင် တည်ရှိသည်။
အဆိုပါကျေးရွာတွင် ယခင်ကအစိုးရထံမှ လစဉ် ထောက်ပံ့ရိက္ခာရရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ရေချမ်းပြင်-အငူမော်-မောင်တောရေလမ်းနှင့်ကားလမ်းတို့ကို ပိတ်ထားလိုက်သည့် အချိန်ကစပြီး စားနပ်ရိက္ခာများ မရရှိတော့ဟုရပ်လူကြီးတစ်ဦးဖြစ်သူ ဦးခတ်နောင်ကနိရဥ္စရာကိုပြောသည်။
“စစ်တပ်က လမ်းတွေကိုဖြတ်တောက်ထားပြီးတဲ့နောက်မှာ အစိုး၇ကထောက်ပံ့တာတွေလည်း ရပ်တန့်သွားတယ်။ ဒါကြောက့် စားနပ်ရိက္ခာအတွက်နဲ့အရမ်းခက်ခဲနေ၇ပါတယ်။ လမ်းက ပိတ်ထားတဲ့ အတွက်အခုလို ခက်ခဲနေ၇တာပါ”ဟုပြောသည်။
အဆိုပါကျေးရွာတွင်ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိအထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတို့မှ မြိုလူမျိုးများကို ရခိုင်ပြည်နယ်အစိုး၇ အစီအစဉ်ဖြင့် ပြီးခဲ့သည့်မတ်လမှစတင်ကာ နေရာချပေးထားခြင်းဖြစ်သည်။
ယင်းနောက် အစိုးရထံမှဆန်ရိက္ခာများ လစဉ်ပုံမှန်ရရှိခဲ့ပြီးတောတောင်များတွင် ဟင်းရှာ၊ မျှစ်ခူး၊ ခရုကောက်စသည်ဖြင့် ရှာဖွေရောင်းချကာ ရပ်တည်နေထိုင်ကြသည်ဟုသိ၇သည်။
လက်ရှိတွင်ဆန်ရိက္ခာများလည်း မရရှိတော့သလို တိုက်ပွဲများကြောင့် တောတောင်များကိုလည်းသွားရောက် လုပ်ကိုင်ရန် အခြေအနေ မရရှိတော့သည့်အတွက်စေတီပြင်ကျေးရွာသို့ ဆင်းကာ စားနပ်ရိက္ခာများအကူအညီလာရောက်တောင်းယူနေကြသည်ဟုစေတီပြင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“ကျနော်တို့ရွာမှာလည်းတခြားရွာတွေက လူတွေများကြီးကိုစောင့်ရှောက်ထားရတော့ သူတို့ကို ကူညီဖို့အတွက်ဒီမှာလည်း အခက်အခဲရှိနေပါတယ်”ဟုပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ၁၃ ရက်က ရသေ့တောင်နှင့်မောင်တောမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားခဲ့ချိန်မှစ၍ စစ်တွေမြို့နယ်ရေချမ်းပြင်-ရသေ့တောင်မြို့နယ် အငူမော်ရေယာဉ်ဆိပ်နှင့် အငူမော်-မောင်တောကားလမ်းတို့ကိုစစ်တပ်က လက်ရှိအချိန်ထိ ပိတ်ထားခြင်းဖြစ်သည်။
အငူမော်-မောင်တောကားလမ်းတစ်လျှောက်ရှိကျေးရွာအများအပြားသည်လည်း ခရီးသွားလာခွင့်နှင့်စားနပ်ရိက္ခာများသယ်ဆောင်ခွင့်မရသည့်အတွက် လက်ရှိတွင်စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု သိ၇သည်။
(ဓာတ်ပုံ - မြိုယုကျေးရွာသားများ စေတီပြင်ရွာတွင် ရိက္ခာဝယ်ရန်နှင့် ကူညီတောင်းခံရန် ရောက်ရှိခဲ့စဉ်က)