ရခိုင်ပြည်နယ်၊စစ်တွေတွင် မနွယ်သန္တာဝင်းအသတ်ခံရမှုကိစ္စကြောင့် ရဲက သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် လူငယ်ကို ယနေ့ စက်တင်ဘာ၁၄ ရက်တွင်လုံခြုံရေးအထူးတင်းကျပ်ကာ ရုံးထုတ်ခဲ့သည်ဟု သိ၇သည်။
ရဲကသံသယဖြင့်ဖမ်းဆီးအမှုဖွင့်ထားသည့်လူငယ်မှာ မြေပုံမြို့နယ်ကမ်းထောင်းကြီးမြို့မှ မောင်မျိုးချစ်စိုး (၂၀ နှစ်)ဖြစ်ပြီး သူ့ကိုယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့လယ်တွင် စစ်တွေမြို့နယ်တရားရုံး၌ရုံးထုတ်ခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်ကပြောသည်။
တရားရုံးရှေ့တွင်သားဖြစ်သူ မောင်မျိုးချစ်စိုးစားရန် ထမင်းထုပ်နှင့် အချိုရည်များကိုကိုင်ပြီး ထိုင်စောင့်နေခဲ့သော်လည်းတွေ့ခွင့်မရခဲ့ဟုမိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က နိရဥ္စရာကိုပြောသည်။
"ကျွန်မသားနဲ့လုံး၀တွေ့ခွင့်မရပါဘူး။ သားလို့တောင်တစ်ခွန်းခေါ်ခွင့်မ၇လိုက်ဘူး။ ရုံးထုတ်လာတော့တစ်ချက်လေးပဲ မြင်လိုက်၇ပါတယ်။ ၂ နာရီ ၁၅ မိနစ်လောက်က အသာလေး ရုံးထုတ်ပြီး၁၀ မိနစ်တောင်မကြာဘူး။ အသာလေးပြန်ခေါ်သွားတယ်။ နှာခေါင်းစည်း Mask တပ်ထားတော့ ရုပ်လည်းသေချာ မမြင်လိုက်ရပါဘူး။ အဝေးက နေပဲမြင်လိုက်၇တာ ကျွန်မသားမှာအရိုးသာသာလေးပဲရှိတော့တယ်"ဟု ပြောသည်။
ယနေ့ရုံးထုတ်သည့်ကိစ္စကိုဒေါ်လှသိန်းနွယ်က မောင်မျိုးချစ်စိုး၏ရှေ့နေကိုမေးမြန်းခဲ့ရာ လာမည့် စတင်ဘာလ ၂၈ ရက်တွင်ပြန်လည်ရုံးထုတ်မည်ဟုပြောဆိုခဲ့ကြောင်း ဆက်ပြောသည်။
ယခုကိစ္စနဲ့ပတ်သက်ပြီးမောင်မျိုးချစ်စိုး၏လူအခွင့်အရေးရှေ့နေအား နိရဥ္စရာက ဆက်သွယ် မေးမြန်းခဲ့ရာဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
မောင်မျိုးချစ်စိုး၏မိခင်မှာ သူမသားဖြစ်သူစားရန်ယူဆောင်လာသည့်ထမင်းထုပ်ကို ပေးခွင့်မရဘဲတရားရုံးရှေ့တွင် အော်ငိုနေစဉ်ရဲသားတစ်ဦးက ထမင်းထုပ်နှင့် အအေးကို ယူသွားသည်ဟု ဒေါ်လှသိန်းနွယ်ကဆက်ပြောဆိုသည်။
"ကျွန်မသားကို ရုံးထုတ်တဲ့အချိန်မှာလည်းစစ်သားတွေအထပ်ထပ်၊ ရဲသားတွေအထပ်ထပ်နဲ့၊ ထမင်းထုပ်ကိုပေးခွင့်မ၇ဘူး။ ကျွေးပြီးပြီလို့ပြောကြတယ်။ ကျွန်မသားလေးက ထမင်း မစား၇သေးဘူးလို့ အော်သံကိုကျွန်မကြားလိုက်တယ်။ ကျွန်မသား ၂ နာရီ ၃ နာရီအထိထမင်း၇သေးဘူးအော်ငိုပြီးပြောမှ ယူသွားပါတယ်"ဟုပြောသည်။
စစ်တွေမြို့မေယုလမ်း၊ ဘောလုံးကွင်းရပ်ကွက်ရှိ ပလပ်စတစ်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းဖြစ်သူမနွယ်သန္တာဝင်း (၁၈ နှစ်)သည် ဝမ်းဗိုက်အတွင်း ဓားထိုးဒဏ်ရာနှင့်လည်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သြဂုတ်လ၁၅ ရက်နေ့က အဆိုပါဆိုင်ခန်းတွင် အသတ်ခံလိုက်၇ပြီး နောက်တစ်နေ့ သြဂုတ်လ၁၆ ရက်တွင် ၎င်းဆိုင်နှင့် ဘေးချင်းကပ်ရှိဂတ်စ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မောင်မျိုးချစ်စိုးကို ရဲကသံသယဖြင့်ဖမ်းဆီးကာ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟုသိ၇သည်။
မနွယ်သန္တာဝင်းအသတ်ခံ၇မှုကို ရဲနှင့်ရက္ခိုင့်တပ်တော်(AA)တို့ကကိုင်တွယ်လျက်ရှိစဉ် ပြစ်မှုကျူးလွန်ခဲ့သူမှာ ဆိုင်မန်နေဂျာဖြစ်သည်ဟု AA ပြောခွင့်၇သူက သြဂုတ်လနောက်ဆုံးပတ်တွင်ထုတ်ဖော်ပြောဆိုထားသည်။
မနွယ်သန္တာဝင်းအသတ်ခံ၇မှုကိစ္စကို ကိုယ်တွယ်စုံစမ်းနေရသည့်စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းရဲ အရာရှိ ရဲအုပ်သိပ္ပံသည်စက်တင်ဘာလ ၈ ရက် ည ရ နာရီခန့်တွင် စစ်တွေမြို့ လမ်းမကြီး ဆေးရုံကြီးအနီးရှိမီးပွိုင့်တွင် ဆိုင်ကယ်မီးပွိုင့်မိနေချိန် အမည်မသိလူတစ်စုကသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားသည့်အတွက် ဦးခေါင်း၌ ကျည်ဆံဒဏ်ရာ ၂ချက်ဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့၇သည်။ (NN-13)