Preview

စစ်ရေးတင်းမာမှုကြောင့် ULA မှ ယာဉ်ပိုင်ရှင်များကိုသတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီကရခိုင်မြောက်ပိုင်းရေကြောင်းခရီးစဉ်များကိုချက်ချင်းရပ်ဆိုင်း

စက်တင်ဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :2696
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၂

ရခိုင်တွင် စစ်ရေးအခြေအနေတင်းမာနေ၍ ကုန်းလမ်း၊ရေလမ်း သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော်(ULA/AA) ကအရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီး နောက်ပိုင်း စစ်ကောင်စီက ချက်ချင်းဆိုသလို ရခိုင်မြောက်ပိုင်းရေကြောင်းခရီးစဉ်များကိုရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။

ထိုသို့ စစ်ကောင်စီ၏ ညွှန်ကြားချက်ကြောင့် မနက်ဖြန် စက်တင်ဘာ၁၅ ရက်နေ့တွင် ပြေးဆွဲမည့် ရေကြောင်းလိုင်း ခရီးစဉ်အများအပြားကို ဖျက်သိမ်းလိုက်ရသည်ဟုအမြန်ရေယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖျက်သိမ်းလိုက်ရသည့် ခရီးစဉ်များမှာ  စစ်တွေ- ၇သေ့တောင် - ဘူးသီးတောင် ခရီးစဉ်၊ စစ်တွေ-ပေါက်တော- မင်းပြားမြို့ ခရီးစဉ်တို့ဖြစ်သည်။ စစ်တွေ-တောင်ကုတ်လိုင်းကို ဆက်လက်ခွင့်ပြုထားပြီးစစ်တွေ- မြောက်ဦးရေယာဉ်လိုင်းကိုလည်း ဆက်လက်ပိတ်ထားသည်ဟု သိ၇သည်။

၎င်းရေကြောင်းလိုင်းများကို စစ်ကောင်စီ၏ ပြည်တွင်း ရေကြောင်းဦးစီးဌာနကပိတ်ထားထားရန် ညွှန်ကြားလာသည်ဟု အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

"ရေကြောင်းဦးစီးဌာနက ကျနော်တို့ကို တောင်ကုတ်လိုင်းကလွဲပြီးကျန်ရေကြောင်းလိုင်းတွေကို ခဏပိတ်ထားပါ ပြောလို့ပါ။ မနက်ဖြန် အစည်းအဝေးခေါ်ထားတာရှိပါတယ်။အခြေအနေကိုတော့ အဲ့ဒီကျမှ သိ၇ပါမယ်"ဟု ပြောသည်။

ရေကြောင်းလိုင်းများ ရပ်ဆိုင်းလိုက်သဖြင့် လက်မှတ်ဝယ်ယူထားသူများကိုငွေပြန်အမ်းမည်ဖြစ်ပြီး ငွေများကို လာရောက်ထုတ်ယူနိုင်ကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းFacebook Page မှထုတ်ပြန်ကြေငြာထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က စစ်ကောင်စီသည်ရက္ခိုင်ပြည်အနှံ့ ၎င်းတို့၏ တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘောစစ်ကားစစ်ရဟတ်ယာဉ်အပါအဝင် အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန် ရေယာဉ်များဖြင့်ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကို အသုံးပြုပြီး အင်အားဖြည့်တင်းနေသဖြင့် ယာဉ်ပိုင်ရှင်များအနေဖြင့်ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေး ရုံးအုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင်သတင်းပို့၍ သွားလာကြ ရန်ယနေ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းပြင် ယာဉ်များအနေဖြင့် စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူကြရန်နှင့်သတင်းမပို့ဘဲသွားလာ၍ တစုံတရာ ပြဿနာဖြစ်ပေါ်ပါက ၎င်းသွားလာကြသူများ၏ တာဝန်သာဖြစ်ပါကြောင်းလက်ရှိ စစ်ရေး တင်းမာနေမှုအပေါ် အခြေခံ၍ ULA က သတိပေးထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည့် အရေးပေါ် ကြေညာချက်ထွက်ရှိလာပြီးနောက်ပိုင်းစစ်ကောင်စီက ရခိုင်ပြည်မြောက်ပိုင်းမှ ရေကြောင်း ခရီးစဉ်များကို ရပ်ဆိုင်းရန် ချက်ချက်းညွှန်ကြားလာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ခရီးသွားပြည်သူများအတွက် ဂျပန်ကလှူဒါန်းထားသည့်ကစ္ဆပနဒီအမှတ်(၁) (၂) နှင့် (၃)တို့ ကိုလည်း စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုကာနယ်စပ်မြို့ မောင်တောမြို့သို့ လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနေသဖြင့် နယ်စပ်တစ်လျှောက်တိုက်ပွဲများ ပြင်းထန်လာရန် အခြေအနေရှိနေသည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

၇ခိုင်ပြည်တွင် AAနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ခံထားရသောစစ်စခန်းများပြန်လည် ရရှိရေးအတွက် စစ်ကောင်စီသည် လေတပ်အကူအညီဖြင့် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ပလက်၀မြို့နယ် အတွင်း လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲနေကြောင်းသိ၇သည်။ ( NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.