Preview

စစ်ကောင်စီက ရခိုင်လူထုကိုလူမျိုးရေးအရအငြိုးအတေးထားပြီး ဒုက္ခရောက်အောင်ပြုလုပ်နေ

စက်တင်ဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :3498
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၅/ ၂၀၂၂

တိုင်းပြည်အာဏာကို သိမ်းထားသော စစ်ကောင်စီသည် ရခိုင်လူထုကိုလူမျိုးရေးအရ အငြိုးအတေးထားပြီး ဒုက္ခရောက်အောင် နည်းမျိုးစုံနှင့် နှိပ်စက်မှုများ ပြုလုပ်နေသည်ဟုဒေသခံပြည်သူများက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူများ အသုံးပြုနေသည့်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အချိန်ကြာကြီး ကန့်သတ်ပိတ်ပင်ထားသည့်အပြင် အများပြည်သူအသုံးပြုနေသော ခရီးသွားရေလမ်းကြောင်းများကိုလည်း တိုက်ပွဲဖြစ်ပွားမှုနှင့် တစ်စုံတစ်ရာသက်ဆိုင်မှု မရှိဘဲ ရက်အကန့်အသတ်မရှိပိတ်ထားကာ ရခိုင်လူထုကို ဒုက္ခမျိုးစုံရောက်အောင်ပြုလုပ်နေသည်ဟု မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။

အခု မြောက်ဦးနဲ့ စစ်တွေ ရေကြောင်းလမ်းကို ပိတ်ထားတာ ၁၇ ရက်ရှိလာပြီ။ ရေလမ်းကို အဓိက အားကိုးသွားလာနေရတဲ့ ပြည်သူတွေအခုလို ပိတ်ထားတော့ သွားလာရေးအထူးအခက်အခဲ ဖြစ်နေတယ်။ ကျန်းမာရေး၊ စီးပွားရေးအကုန်လုံးထိခိုက်နေတယ်။ တစ်ရက်နှစ်ရက်ဆိုတော့ဟုတ်သေးတယ်။ အခု လဝက်ကျော်သွားပြီ။ ဒီလိုလုပ်တာက လူမျိုးရေးအရ လုပ်နေတာ။မင်းတို့ကို ငါတို့လုပ်ချင်သလို လုပ်လို့၇တယ်ဆိုပြီး အငြိုးအတေးနဲ့  ဒုက္ခဖြစ်အောင် နှိပ်စက်နေတာဟု ပြောဆိုသည်။

စစ်တွေ-မြောက်ဦးရေကြောင်းလမ်းသည် အသွားအလာများသည့် ရေလမ်းကြောင်းဖြစ်ပြီး ၎င်းရေလမ်းခရီးကို စစ်တပ်က ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်မှစတင်ကာ ယာယီပိတ်ခိုင်းထားခဲ့ပြီး ယနေ့စက်တင်ဘာလ ၁ရက် ရောက်လာသည့် အချိန်ထိပြန်ဖွင့်မပေးသေးဟု သိ၇သည်။

အဆိုပါ ရေလမ်းခရီးနှင့် ပတ်သက်ပြီး ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းကို  နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယခုအချိန်ထိ ၎င်းရေလမ်းကြောင်းကိုဖွင့်ရန် အကြောင်းမကြားလာသေးဟု ပြောဆိုသည်။

"သူတို့က ဖွင့်မယ်ဆိုရင်အကြောင်းကြားမယ်ပြောတယ်။ အခု အကြောင်းမကြားသေးတော့ မဖွင့်ရသေးဘူး။လုပ်ငန်းတစ်ခုမှာတော့ လည်ပတ်မှုအားနည်းရင် နစ်နာမှုတော့ရှိတယ်ပေါ့လေ"ဟုပြောသည်။
လက်ရှိ အချိန်တွင်ရက္ခိုင့်တပ်တော် (AA) နှင့်မြန်မာစစ်ကောင်စီတပ်တို့၏ စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့်  ကားလမ်းခရီးထက် ရေကြောင်းခရီးက ပိုမိုလုံခြုံသဖြင့် ၇ခိုင် ပြည်သူများအနေဖြင့် ရေလမ်းကို အဓိကအားထား သွားလာနေကြချိန်တွင်ရေလမ်းကြောင်းကို အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ပိတ်ထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ရေကြောင်းလမ်းကို ပိတ်ထားသည့်အတွက် စစ်တွေသို့ ကျန်းမာရေး ကိစ္စဖြင့်သော်လည်းကောင်း၊ စီးပွားရေးကိစ္စဖြင့်သော်လည်းကောင်း သွား၇မည်ဆိုလျှင်လည်း တိုက်ပွဲဖြစ်နေသည့် နေရာများကို ကားဖြင့် ဖြတ်သန်းသွားနေ၇၍  စိုးရိမ်စရာ ဖြစ်နေ၇သည်ဟုမြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

"အခက်အခဲကတော့ စိတ်မလုံခြုံဘူး။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတယ်။ ကားလမ်းက သွားတယ်ဆိုရင် ကိုယ့်အတွက် မလုံခြုံဘူး။ ရောက်တဲ့စစ်ဆေးရေးဂိတ်တွေမှာ အမြဲတမ်း စစ်ဆေးနေတယ်ဆိုတော့ ကိုယ့်မှာအပြစ်မရှိရင်လည်းစိုးရိမ်၇တယ်။ တစ်ခါတခါထင်ယောင်ထင်မှားဖြစ်ပြီးတော့ ဖမ်းသွားတာတွေလည်း ကြား၇တယ်ပေါ့။အဲလိုမျိုးတွေမှာ ကိုယ်ကမပါချင်ဘူး။ စိုးရိမ်တယ်။ သွားတိုင်းတော့အခက်အခဲဖြစ်တာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ကထွက်တည်းက စိတ်မချမ်းသာဘူး။အခက်အခဲများ ဖြစ်မလားဆိုပြီး စိုးရိမ်စိတ်က အမြဲတမ်းရှိတယ်" ဟုပြောသည်။

အများစု ပြည်သူများမှာ ကိုယ့်စီးပွားရေး ကိုယ်လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်ပြီးမသက်ဆိုင်သူ ပြည်သူများ၏ ဘ၀ကို ထိခိုက်နေ၍ စစ်တွေ-မြောက်ဦးရေကြောင်းလိုင်းကိုဖွင့်ပေးစေချင်သည်ဟုသူကဆက်ပြောသည်။

"ကျနော်တို့ကတော့ ရွှေပြည်တန်တို့၊မြောက်ဦးရေကြောင်းလိုင်းတွေကို ဖွင့်ပေးစေချင်တယ်။ သွားရလာရ လွယ်ကူတယ်။စိတ်ချမ်းသာတယ်။ ကားနဲ့သွားရင်တော့ အိမ်ကထွက်တည်းက ငါ့ကိုများဖမ်းမလားဆိုပြီးစိုးရိမ်နေတယ်" ဟု ပြောသည်။

အဆိုပါရွှေပြည်တန်အမြန်ရေယာဉ်လိုင်းနှင့် နေ့စဉ် လူ ၁၀၀ ခန့် လိုက်ပါစီးနင်းနေကြပြီး စစ်ရေးအခြေအနေများကြောင့်စစ်တွေ-မြောက်ဦး ခရီးသွားလာရေးတွင် ဒေသခံများမှာ ကုန်းလမ်းထက်ရေကြောင်းခရီးကို အဓိကထား သွားလာနေကြခြင်းဖြစ်သည်။

နောက်ထပ်မြောက်ဦးဒေသခံတစ်ဦးကလည်း"ကျနော်တို့အနေနဲ့တော့ရေကြောင်းကိုလည်း ဖွင့်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကုန်စည်စီးဆင်းမှုကကျတော့ကားထက် ရေကြောင်းဆိုရင် အများမြန်ဆန်မှု၊ သယ်ယူပို့ဆောင်မှုများပြားပါတယ်။အဲဒီအတွက်ကြောင့် ရေကြောင်းကိုလည်း ဖွင့်ပေးစေချင်ပါတယ်။ ဒါမှ ကျနော်တို့ဒေသခံတွေအတွက် အများကြီးအကျိုးရှိပါမယ်" ဟုပြောသည်။

မြောက်ဦးမြို့နယ်အတွင်း သြဂုတ်လ၂၈ ရက် ညနေ ၄ နာရီကျော်က မြောက်ဦးမြို့အခြေစိုက် ခမ၇ ၃ရ၇ နှင့် ၅၄၀တပ်ရင်းတို့က ကင်းဆိပ်ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အသက်(၅) နှစ်အရွယ် မောင်မြတ်သူလင်းနှင့် နောက်ထပ် လူ ၂ ဦးသေဆုံးခဲ့သည်။

ယင်းနေ့အပြီးနောက်တစ်ရက်ဖြစ်သည့် သြဂုတ်လ ၂၉ ရက်မှ စတင်ကာ ယနေ့ စက်တင်ဘာ ၁၅ ရက်အထိ ၁၇ ရက်တိုင်တိုင် စစ်တွေ-မြောက်ဦးရေကြောင်းလိုင်းကို စစ်ကောင်စီက ယာယီပိတ်ထားခြင်းဖြစ်သည်။

၎င်းပြင် လူသွားလူလာများသည့် စစ်တွေ- ၇သေ့တောင်- ဘူးသီးတောင်အမြန်ရေယာဉ်လိုင်းနှင့် စစ်တွေ-ပေါက်တော-မင်းပြား အမြန်ရေယာဉ်လိုင်းများကိုလည်း ယနေ့မှစပြီး စစ်ကောင်စီက  အကန့်အသတ်မရှိ ထပ်မံပိတ်ထားလိုက်သည်ဟုသိရှိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.