Preview

စစ်တွေမှဘူးသီးတောင်သို့ ထွက်ခွာလာသည့်အောင်ကျော်မိုးသင်္ဘောကို AAက တစ်ရက်ကြာ တားဆီးစစ်ဆေးပြီးပြန်လွှတ်ပေး

စက်တင်ဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :2225
ရခိုင် သတင်း


နိရဥ္စရာ၊ စက်တင်ဘာ၁၆/၂၀၂၂

စစ်တွေမြို့မှဘူးသီးတောင်မြို့သို့ကုန်ပစ္စည်းများကို တင်ဆောင်လာပြီး  မေယုမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် အစိုးရပိုင် ပြည်တွင်းရေကြောင်းပိုင်အောင်ကျော်မိုးသင်္ဘောကို ရက္ခိုင့်တပ်တော်(AA)က တစ်ရက်တာတားဆီးစစ်ဆေးပြီးယနေ့တွင် ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။

ယခုစစ်ဆေးမှုသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ရခိုင်တွင် စစ်ရေးအခြေအနေတင်းမာနေ၍ ကုန်းလမ်းရေလမ်းကုန်းလမ်းရေလမ်း သယ်ယူ ပို့ဆောင်ရေးကိုပြုလုပ်နေကြသော ယာဉ်ပိုင်ရှင်များ အနေဖြင့်ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံးအုပ်ချုပ်ရေးရုံး၊နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန် အရေးပေါ်အသိပေးချက် ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

၎င်းသင်္ဘောကို အေအေတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ၁၅ ရက် နံနက် ၁၁ နာရီခန့်က ၇သေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကြားရှိကုန်တန်းကျေးရွာအနီး မေယုမြစ်ထဲတွင်တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက  နိရဥ္စရာကိုပြောသည်။
ဒေသခံတစ်ဦးက အဲဒီကုန်ပစ္စည်းတွေကိုသူတို့က ပိုင်ရှင်တွေကိုမေးတယ်ပေါ့။ ဒါက ဘယ်သူ့ပစ္စည်းလဲ၊ ဒါက ဘယ်သူ့ပစ္စည်းလဲ။ ပိုင်ရှင်တွေကိုဖုန်းဆက်။ ပိုင်ရှင်တွေက ဒီပစ္စည်းတွေဟာ စစ်သားအတွက်မဟုတ်ဘူး။ကျနော်တို့မှာ ကိုယ်ပိုင်ဆိုင်မှာရောင်းဖို့ယူတာပါဆိုပြီး ပိုင်ရှင်တွေကတာဝန်ခံပြီးမှ၊ ယုံကြည်စိတ်ချ၇ပြီးမှ သူတို့ ပြန်လွှတ်ပေးလိုက်တာပါဟု ပြောသည်။
ရခိုင်ပြည်၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားသော ရက္ခိုင်တပ်တော်သည် ရေယာဉ်ပိုင်ရှင်၊ကားပိုင်ရှင်များကို သတိပေးကြေညာချက်ထုတ်ပြန်ပြီး အစိုးရပိုင်သင်္ဘောတစ်စီးအား ပထမဆုံးတားဆီးစစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု သိ၇သည်။

ယနေ့စက်တင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် ၎င်းသင်္ဘောသည် ဘူးသီးတောင်သို့ပြန်လည်ထွက်ခွာသွားပြီဟု သိ၇သည်။အဆိုပါသင်္ဘောပေါ်တွင်ဘူးသီးတောင်နှင့် မောင်တောမြို့အတွက် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများသာပါဝင်ပြီး များသောအားဖြင့်စားသောက်ကုန်ပစ္စည်းပါဝင်သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ဒေသတွင်းသွားလာနေကြသည့် ရေယာဉ်များနှင့်ကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ရေးအတွက် အသုံးပြုလာနေသည့်အတွက် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ကာတားဆီးစစ်ဆေးတော့မည်ဟု ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာ ၁၄ ရက်တွင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။


ယင်းသို့ထုတ်ပြန်လိုက်ပြီးနောက်ရခိုင်ဒေသတွင်းပြေးဆွဲနေကြသည့် ပုဂ္ဂလိကရေကြောင်း ခရီးစဉ်များအားလုံးပြေးဆွဲခြင်းမပြုကြရန် စစ်ကောင်စီဘက်ကလည်း တားမြစ်ပိတ်ထားသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.