ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်ကောင်စီရေတပ်ဇက်ရေယာဉ်ကို အေအေကလက်နက်ကြီးနှင့်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ချောင်းထဲတွင် စစ်ကောင်စီရေတပ် ဇက်ရေယာဉ်တစ်စီးကို  ရက္ခိုင်တပ်တော်(AA)က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် ထိမှန်သွားပြီး အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်မြို့ မှ စစ်သားများနှင့် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများကို တင်ဆောင်ပြီး တောင်ကုတ်ချောင်းအတိုင်း ထွက်ခွာလာသော ရေတပ်ဇက်ရေယာဉ်ကို ရွှေလင်းယုန် သင်္ဘောဆိပ်ကမ်အလွန်တွင် အေအေက လက်နက်ကြီးများဖြင့် ယနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ် တစ်နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"တောင်ကုတ်မြို့စွန် ရွှေလင်းယုန်သင်္ဘောဆိပ်ကပ်နားမှာ စစ်ကောင်စီက စစ်ပစ္စည်းတွေ တင်ပြီး ထွက်ခွာလာတဲ့ ရေတပ်ဇက်ရေယာဉ်ကို အေအေက တောင်ထက်ကပစ်တာလို့ကြားပါတယ်။ သင်္ဘောကနေလည်း အပြန်အလှန်ခုခံတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီသင်္ဘောကတော့ အလယ်တည့်တည့်မှာ ထိတယ်လို့လည်း တင်းတွေထွက်နေတယ်။ စစ်ကောင်စီ တပ်သားတွေလည်း အဲ့ဒီ ရေယာဉ်ပေါ်မှာပါသွားတော့ အသေအပျောက် ရှိတယ်ပြောပါတယ်။ သေတာ၊ပြုတာ၊ ဒဏ်ရာရတာတွေတော့ အတည်တော့မပြုနိင်ပါဘူး"ဟု ၎င်းက ပြောသည်။

အေအေက လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ပြီးနောက် ဇက်သင်္ဘောမှလည်း လက်နက်ကြီး၊ လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ် ဒေသခံ တစ်ဦးကလည်း ရွှေလင်ယုန်သင်္ဘောဆိပ်အနီးရှိ ဘီလူးကြီးတောင် (ငှက်ပျောချောင်း) နေရာဘက်က စ်ခတ်သံများမှာ နာရီဝက်ခန့်ကြားလိုက်ရကာ ရပ်တန့်သွားကြောင်း သိရသည်။

"လက်နက်ကြီးသံ ၁၆ ချက်လောက်ရှိပါမယ် ပစ်သံကြားရပါတယ်။ လက်နက်ကြီးကကျတော့ အေအေဘက်ကပစ်တာလို့ သိရပါတယ်။ လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်တာမျိုးလည်းရှိခဲ့ပါတယ်။ ပထမဆုံးလက်နက်ကြီးသံနှစ်ချက်ကို တစ်နာရီခွဲ လောက်မှာ စကြားရတာပါ။ အဲ့ဒီနောက်မှာ လက်နက်ငယ်နဲ့ အပြန်အလှန်ပစ်ခတ်သံတွေ ကြားရပြီးနောက်မှာ လက်နက်ကြီးသံတွေ ဆက်တိုက် ထွက်လာတာပါ။  မိနစ် နှစ်ဆယ်လောက်မှာတော့ လုံးဝ အသံတိတ်သွားပါတယ်"ဟု ၎င်းက ပြောသည်။

နောက်ထပ် ဒေသခံမျက်မြင်တစ်ဦးကလည်း ယင်းဇက်ရေယာဉ်ပေါ်ကို နေ့လယ် ၁၂ နာရီခန့်က တောင်ကုတ်တပ်ရင်းများက စစ်ကား ၁၂ စီးဖြင့် စစ်သားများကို ပို့ဆောင်ပေးခဲ့သည်ဟု ပြောဆိုသည်။

လက်ရှိတောင်ကုတ်မြို့မှာ ဖြစ်ပျက်ခဲ့သည့်အခြေအနေနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။


( ဓာတ်ပုံ- မပစ်ခတ်ခံရမီ တောင်ကုတ်ချောင်း၀တွင် တွေ့ရသည့် ဇက်ရေယာဉ်)

ဆက်စပ် သတင်းများ