Preview

AA သိမ်းပိုက်ထားသော စခန်းများအနီးဝန်းကျင်နေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

စက်တင်ဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8515
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၂

ရက္ခိုင့်တပ်တော် (AA)က  သိမ်းပိုက်ထားသောမီးတိုက်စခန်း အနီးဝန်းကျင်ကို  ယမန်နေ့ ညကလည်းစစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိ၇သည်။

ယမန်နေ့ စက်တင်ဘာ ၁၆ ရက် ည ရ နာရီတွင်တစ်ကြိမ်၊ ည ၁၀ နာရီကျော်တွင်တစ်ကြိမ်ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် မီးတိုက်ကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မီးတိုက်ကျေးရွာသားများက ပြောသည်။

"ရ နာရီလောက်မှာ တစ်ကြိမ်လာပါတယ်။ ၁၀ နာရီကျော်လောက်မှာတစ်ကြိမ်လာပစ်ပါတယ်။ လေယာဉ်နှစ်စီးနဲ့ပါ။ ရွာနားက တောင်တွေကို ပစ်ပါတယ်။ ပစ်နေချိန်တွေမှာရွာသားတွေ အကုန်တောထဲဝင်ပြေးနေရပါတယ်။ သူတို့က ရွာထဲကိုမပစ်ဘူးလို့လည်း ပြောမရဘူးလေ"ဟုမီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ မီးတိုက်တပ်စခန်းကို အေအေကဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ညနေတိုင်းလိုလို မီးတိုက်ကျေးရွာအနီးကိုစစ်ကောင်စီက ယခုကဲ့သို့ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီကလေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်သလို လက်နက်ကြီး ပစ်ခတ်မှုများလည်း ဆက်တိုက်လုပ်ဆောင်လျှက်ရှိနေသဖြင့် ဒေသခံအများအပြားမှာ ကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြရသည်ဟု သိ၇သည်။

ယခုကဲ့သို့ ကျေးရွာအနီးကို ဗုံကြဲမှုများကြောင့်  မီးတိုက်ကျေးရွာသားများ ဘူးသီးတောင် နှင့် မောင်တောရှိဆွေမျိုးအိမ်များနှင့် စစ်ဘေးရှောင်စခန်းများတွင် တိမ်းရှောင်နေရကြောင်း နောက်ထပ်မီးတိုက်ကျေးရွာသားတစ်ဦးကပြောသည်။

"ဒီဘက်ရွာတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာက ဆက်တိုက်ရှိလာတယ်။အခု ကိုယ့်ရွာနားပါ ရောက်လာပြီ။ ဒီနေ့မနက်က ရွာသားတွေအကုန် ထွက်ပြေးလာကြပါပြီ။ မောင်တော၊ဘူးသီးတောင်မြို့တွေမှာ အဆင်ပြေသလိုနေကြပါတယ်"ဟု ပြောသည်။

ယမန်နေ့ညက မြန်မာဘက်မှပစ်ခတ်သည့် မော်တာကျည်ဆန်များ နယ်စပ်အနီးဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ ခေါင်းတုံးဒေသကိုကျရောက်ပြီး တစ်ဦးသေဆုံးကာငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Dhaka Tribune က သတင်းဖော်ပြသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ စခန်းသိမ်းခံရသည့်နေရာများနှင့်လည်းနီးစပ်မှုမရှိဘဲ ဖားဝပ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီက လာရောက်ဗုံးကြဲမှုများရှိခဲ့သည်။(NN-7)


(ဓာတ်ပုံ- ကျရောက်လာသည့် ဗုံးသီး၏ အခွံတစ်ခုကိုတွေ့၇စဉ်)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.