Preview

ဘင်္ဂလားဒေ့ရှ်တွင်လက်နက်ကြီးကျရောက်မှု AA ကို စစ်ကောင်စီစွပ်စွဲ၊ ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဒေသခံများကို ကိုးကားပြီး မြန်မာစစ်တပ်ပစ်ခတ်သည်ဟုဖော်ပြ

စက်တင်ဘာ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :10695
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၂

ဘင်္ဂလားဒေ့ရှ်တွင် လက်နက်ကြီးကျရောက်၍ လူငယ်တစ်ဦးသေဆုံးပြီး၅ ဦး ဒဏ်ရာရရှိသွားခြင်းနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် (AA) ပစ်ခတ်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲလိုက်သည်။ သို့သော်လည်းဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဒေသခံများကို ကိုးကားပြီး ၎င်းလက်နက်ကြီးကို မြန်မာစစ်တပ်ကပစ်ခတ်သည်ဟု ဖော်ပြကြသည်။  

ယနေ့ထုတ် မြန်မာ့စစ်ကောင်စီပိုင် သတင်းစာများတွင် AA အဖွဲ့နှင့် ARSAအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှနေ၍ လုံခြုံရေးရဲကင်းစခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖော်ပြသည်။

၎င်းပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင်ထာ၀ရငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို လွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ရေးဖိတ်ခေါ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထာ၀ရငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက် လျက်ရှိစဉ် AA အဖွဲ့အနေဖြင့်နိုင်ငံတော်၏ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက် ိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာAA အဖွဲ့အနေဖြင့်ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲ ရဲကင်းစခန်းအားစခန်း၏ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၀ မိနစ် ၅၉ဒသမ ၃၁ စက္ကန့်အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ၁၂ မိနစ် ၁၆ ဒသမ ၀၆ စက္ကန့်နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည်ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအားကျော်လွန်၍ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ သုံးလုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။  

နိုင်ငံတော်အစိုး၇ စစ်ကောင်စီအနေဖြင့်ထာ၀ရငြိမ်းချမ်းရေး ရရှိရန် အဘက်ဘက်မှကြိုးပမ်းနေစဉ် ကာလအတွင်းAA အဖွဲ့သည်ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်အဖွဲ့နှင့် ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက်လုံခြုံရေးတာဝန် ထမ်းဆောင်နေသောနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအားမြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ် ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့လက်နက်ကြီးကျည် ကျော်ကျပေါက်ကွဲမှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးရှိ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်ဟု ဖော်ပြသည်။

အလားတူAA အဖွဲ့အနေဖြင့်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ပြီးနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်၍ သြဂုတ် ၃၁ရက် နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် ဘီပီ ၄၀ ရှိနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန် အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့၇ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား အမှတ်(၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှတစ်ဆင့်အကြောင်းကြားစာပေးပို့ထားရှိ ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားစာများ ပေးပို့ထားကြောင်း ဖော်ပြထားသည်။

ထိုသို့  မြန်မာစစ်ကောင်စီဘက်ကအေအေကို စွပ်စွဲရေးသားသော်လည်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ၎င်းပစ်ခတ်မှုမှာ မြန်မာစစ်တပ်ကပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများ၊ မျက်မြင်များကို ကိုးကားပြီးဖော်ပြကြသည်။

ဒေသခံသတင်းရင်းမြစ်များကို ကိုးကားပြီး DhakaTribune ကလည်း မြန်မာစစ်တပ်၏ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုကြောင့် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိမည်ကို နယ်စပ်နေပြည်သူများ အဆက်မပြတ်ကြောက်ရွံ့နေကြသည်ဟုသိ၇ကြောင်း ယနေ့ထုတ် သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကလည်းယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ၎င်းပစ်ခတ်မှုမှာမြန်မာစစ်ကောင်စီတပ်က မဆင်မခြင် ရမ်းသန်းပစ်ခတ်မှုဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့်သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် အထူးဝမ်းနည်း စိတ်မကောင်းဖြစ်၇ကြောင်း ဖော်ပြသည်။  

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.