Preview

စစ်ကောင်စီတပ်က တောင်ကုတ်ဒေသခံတစ်ဦးကို ညအချိန်နေအိမ်မှဝင်ရောက်ဖမ်းဆီးသွား

စက်တင်ဘာ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :3847
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၂

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးကို ၎င်းနေအိမ်သို့ စစ်ကောင်စီတပ်က ညအချိန်ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက် နံနက်အစောကြီး ညဉ့်  ၂ နာရီကျော်အချိန်ခန့်တွင် ဦးထွန်းချစ်(၅၈) နှစ်ကို တောင်ကုတ်မြို့ ချောင်းကောက် ရပ်ကွက်ရှိ ၎င်း၏နေအိမ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူဒေါ်မခင်ဝင်းကနိရဉ္စရာကို ပြောသည်။

" အိပ်နေတဲ့အချိန်မှာ ခေါ်သွားတာ။ ာလို့ခေါ်သွားလည်း ကျမတို့လည်းမသိပါဘူး။ စစ်ဆေး မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ အိမ်ထက်တက်ပြီး အတင်းအဓမ္မအိပ်နေတာကဆွဲခေါ်သွားတော့ ဘာမှမပြောလိုက်ရဘဲ ကြည့်ကျန်ခဲ့၇ပါတယ်" ဟု ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်တပ် နှင့် ရဲ အင်အား (၂၀) ကျော်က  လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိမှာ ရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘဲစစ်တပ် တပ်ရင်းတစ်ခုခုတွင် ဖမ်းဆီးထားသည်ဟု သိ၇ကြောင်း သမက်ဖြစ်သူ ဦးကြည်ဆန်းက ပြောသည်။

"ဦးထွန်းချစ်ကို ဘယ်ကိုခေါ်သွားလည်းကျနော်တို့ မသိရသေးပါဘူး။ ရဲစခန်းကို သွားမေးတော့ ဦးထွန်းချစ်နာမည်နဲ့ မရှိဘူးပြောပါတယ်။ညကပါလာတဲ့ ရပ်ကွက်လူကြီးတွေကတော့ ပြောပါတယ်။ တခါတည်း စစ်တပ်ကို မေးဖို့ စမ်းဖို့ ခေါ်သွားတာဖြစ်မယ်။ဘာမှမလုပ်ဘဲ ပြန်လွတ်လိုက်မှာလို့ အဲ့လူက ပြောပါတယ်။ ဘယ်တပ်ရင်းခေါ်သွားလဲ မသိ၇သေးပါဘူး"ဟုပြောသည်။

ဦးထွန်းချစ်မှာ အသက်ကြီးပြီဖြစ်ပြီး ကျန်းမာရေးမကောင်းသည့်အတွက် အပြစ်တစ်စုံတစ်ရာမရှိဘဲစစ်တပ်ကနှိပ်စက်မှုပြုလုပ်မည်ကို စိုးရိမ်နေကြကြောင်း သူက ဆက်ပြောသည်။

"မိသားစုတွေက ပူပင်သောကများနေကြပါပြီ။အသက်လည်း ကြီးနေပါပြီ။ အရင်က လက်သမား လုပ်တယ်။ ပရဟိတတွေလည်းလုပ်ပါတယ်။ အခုအလုပ်ပါးသွားလို့ ကျန်းမာရေးလည်းမကောင်းလို့အိမ်မှာပဲနေနေတာပါ။ သူကသွေးတိုးလည်းရှိတယ်။ ဘာမှလုပ်ထားတာမရှိဘဲ ဖမ်းဆီး ခေါ်ဆောင်သွားလို့တစ်စုံတစ်ခုလုပ်လိုက်မှာကို  တအားစိတ်ပူပါတယ်"ဟု ပြောသည်။

တောင်ကုတ်မြို့အနီး စစ်ကောင်စီရေတပ်ဇက်ရေယာဉ်ကို အေအေက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ပြီးနောက်တောင်ကုတ်မြို့တွင် ဒေသခံများအား စစ်ဆေးမှုတင်းကျပ်ခဲ့ပြီး နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများဆက်တိုက်လုပ်ဆောင်လာပြီးနောက်ယခုကဲ့သို့ ဒေသခံတစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်နေ့က မောင်တောမြို့နယ် အောင်မင်္ဂလာရွာတွင် ဒေသခံ ၂ ဦးကိုဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဧရာ၀တီတိုင်း ၊ ဟိုင်းကြီးကျွန်းမှ အမျိုးသမီး၃ ဦးအပါအဝင် ၇ခိုင်လူမျိုး ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းအပြင် ဇူလိုင်လနှင့် သြဂုတ်လတို့တွင်လည်း ၇ခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မောင်တော စသည့်မြို့နယ်များမှ ဒေသခံအများအပြားကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပုဒ်မတပ်ကာတရားစွဲဆိုမှုများရှိသလို တချို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ဆေးကုသမှုခံယူနေ၇သူများလည်း ရှိနေသည်ဟု သိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.