နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၂
စစ်သားအများအပြားတင်ဆောင်လာသည့် ဇက်ရေယာဉ်သည် ကျောက်တော်မြို့နယ်နာဂရာကျေးရွာအနီးတွင် ယနေ့ ည ၆ နာရီခန့်က ရက္ခိုင့်တပ်တော်( AA)၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟုခိုင်လုံသောသတင်းရင်းမြစ်အရသိ၇သည်။
၎င်းဇက်ရေယာဉ်သည် စစ်ကောင်စီ တပ်သားအများအပြားကို တင်ဆောင်ပြီးကျောက်တော်မြို့နယ် စကခ(၉) တပ်ထိန်းစခန်းအနီး၊ ကင်းစခန်းရှေ့ ကုလားတန်မြစ်ကမ်းအနီးတွင်ရပ်နားနေချိန် အေအေက အာရ်ပီဂျီအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
“ ကျွန်တော်တို့ သိရသလောက် ရုပ်သားရွာကြားနဲ့နာဂရာရွာကြားဘီလူးကူးတောင်ဆိုတာရှိတယ်။ အဲဒီတောင် တစ်ဖက်ကမ်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ရှော့တိုက်ဒုံး၊ အာရ်ပီဂျီနဲ့ ပစ်ခတ်တာလို့ ကြားရပါတယ်။ နေဗီဝမ်းဗိုက်ကိုတိုက်ရိုက်ထိတယ်လို့ ကြားရပါတယ်။ စစ်သားတွေ အပြည့်ပါလာတော့ အထိအခိုက် အကျအဆုံးရှိတယ်လို့ကြားပါတယ်။ အတိအကျတော့ မပြောနိုင်သေးပါဘူး” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
၎င်းဇက်ရေယာဉ်သည် ပလက်၀သို့ စစ်ကူပို့မည့် စစ်ကောင်စီတပ်သားများကို စစ်တွေကနေတင်ဆောင်လာပြီး စကခ (၉) တပ်ထိန်းဂိတ်အနီးရှိ ကုလားတန်မြစ်အတွင်းရပ်နားနေခြင်းဖြစ်ပြီးတိုက်ခိုက်ခံ၇ပြီးနောက် စကခ (၉) မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။
“ကျနော်တို့ကြားတဲ့အချိန်က အေအေက တိုက်ခိုက်ပြီးတဲ့နောက် ၆ နာရီလောက်မှာ စကလ၉ က ပစ်တဲ့ လက်နက်ကြီး လက်နက်ငယ်သံတွေကို ကြား၇တာပါ။ တပ်မက မိနစ် ၂၀ လောက်ပစ်တယ်လို့ပြောပါတယ်” ဟု ၎င်းက ပြောသည်။
ကျောက်တော်မြို့နယ်မှ နောက်ထပ် ဒေသခံ တစ်ဦးကလည်း အေအေက ဇက်ရေယာဉ်ကို မြစ်မြောက်ဘက် ဘီလူးတောင်ကနေ ပစ်ခတ်သည်ဟု ကြားသိရကြောင်း၊ဇက်ရေယာဉ် ပြင်က သင်္ဘောနံရံကိုထိသွားသည်ဟု သိရကြောင်း၊ စစ်သားများ အထိအခိုက်ရှိသည်ဟုကြား၇ကြောင်း ပြောဆိုသည်။
လက်ရှိတွင် ၎င်းဇက်ရေယာဉ်မှာ ၎င်းတပ်ထိန်းစခန်းအနီး နေရာတွင်ပင်ရပ်နားနေကြောင်းသိ၇ပြီး ပလက်၀သို့ ဆက်တက်မည်လား မတက်လားဆိုသည်ကို မသိ၇သေးဟု ၎င်းကပြောဆိုသည်။
စက်တင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲခန့် ကလည်း စစ်သားနှင့်စက်လက်နက် ပစ္စည်းများကို တင်ဆောင်၍ တောင်ကုတ်ချောင်းအတိုင်း ထွက်ခွာလာသော ရေတပ်ဇက်ရေယာဉ်တစ်စီးကို ရွှေလင်းယုန် သင်္ဘောဆိပ်ကမ်းအလွန်တွင် ဘီလူးကြီးတောင် (ငှက်ပျောချောင်း) အနီးတွင်အေအေက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဇက်ရေယာဉ် ဝမ်းဗိုက်ကို ထိမှန်ကာ စစ်သားအများအပြားသေဆုံးသွားခဲ့ပြီး ဇက်ရေယာဉ်လည်း မီးခိုများထွက်ကာ စက်ရပ်သွားခဲ့သည်ဟု သတင်းရရှိသည်။
(ဓာတ်ပုံ- ရခိုင်တွင် အသုံးပြုနေသည့် စစ်ကောင်စီ ဇက်ရေယာဉ်တစ်စီး။ ယခုတိုက်ပွဲနှင့် သက်ဆိုင်မှုမရှိပါ။)