တောင်ပြိုသို့ စစ်လက်နက်နှင့်ရိက္ခာများတင်ဆောင်လာသော မော်တော်ဘုတ်ကို AA သိမ်းယူ


နိရဉ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၂

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့သို့ မော်တော်ဘုတ်တစ်စီးဖြင့် ပို့ဆောင်သည့် စက်လက်နက်ပစ္စည်းများနှင့် ရိက္ခာများကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ကြားဖြတ်စီးနင်းကာ သိမ်းယူလိုက်ကြောင်း သတင်းရရှိသည်။ 

၎င်းပစ္စည်းများကို ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီကျော်ခန့်တွင် ကွမ်းစေးပြင်ကျေးရွာမှ တောင်ပြိုသို့ စစ်သား ၄ ဦး အစောင့်အရှောက်ဖြင့် သယ်ယူလာစဉ် အေအေက ကြားဖြတ်စီးနင်းပြီး ပါလာသည့် ပစ္စည်းများကို သိမ်းယူသွားခဲ့သည်ဟု အေအေနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

"ကွမ်းစေးပြင်ကနေ တောင်ပြိုဘက်ကိုသွားတဲ့ မူဆလင်တစ်ဦးပိုင်ကူတိုဘုတ်နဲ့ လက်နက်ခဲယမ်းတွေကို တင်ပြီး တိတ်တိတ်ပို့တာပါ။ ဒါကို မနေ့က ၅ နာရီလောက်က အေအေကနေပြီး ဝင်ရောက်စီးနင်းပြီး သိမ်းလိုက်ပါတယ်။ အဲ့ဒီ အသိမ်းခံရတဲ့ ဘုတ်က နည်းနည်းကြီးတော့  ပါလာတဲ့ ပစ္စည်းတွေကို  စက်လှေနှစ်စီးနဲ့ အေအေက ပြောင်းယူသွားတယ် သိရပါတယ်"ဟု ၎င်းက ပြောသည်။ 

ကူးတို့ မော်တော်ဘုတ်ပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်သား ၄ ဦးကို  ေအေက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောသော်လည်း ၎င်းတို့၏ ကံကြမ္မာနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သား ၄ ဦးအပါအဝင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် အေအေပြောခွင့်ရ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့အား ဆက်သွယ်နေဆဲ ဖြစ်ပါသည်။

စစ်ကောင်စီသည် ရခိုင်မှာ တကျော့ပြန်တိုက်ပွဲများပြင်းထန်လာပြီးနောက် မောင်တောမြောက်ပိုင်း တစ်ခုတည်းတွင် တပ်အင်အားတစ်သောင်းဝန်းကျင်ချထားပြီး လက်နက်ခဲယမ်းရိက္ခာများကို ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ဆက်တိုက်ဖြည့်တင်းနေကြောင်းဦးခိုင်သုခက ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အေအေကလည်း စစ်ကောင်စီ၏ ကုန်းလမ်းကြောင်း ထောက်ပို့လမ်းကြောင်းများကို ဆက်တိုက်ဖြတ်တောက်မှုများရှိနေသည့်အတွက် စစ်ကောင်စီသည် စစ်ရေးသုံးယာဉ်များအပြင် အရပ်ဘက်သုံးကား၊ ရေယာဉ်တို့နှင့်ပါ ပို့ဆောင်မှုများရှိလာသည်ဟု သိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဂျပန်ပြည်သူများက ရခိုင်ပြည်သူများအတွက် လှူဒါန်းထားသည့် ကစ္ဆပနဒီသင်္ဘောများကို အသုံးပြုကာ နတ်မြစ်အတိုင်း မောင်းနှင်ပြီး မောင်တော ကညင်ချောင် းစီပွားရေးဇုန်ဆိပ်ကမ်းသို့ စစ်လက်နက်ခဲယမ်းများ၊ စစ်အင်အားများစွာကို ဖြည့်တင်းခဲ့သည်။

ယမန်နေ့ကလည်း စစ်တွေမှ ကျောက်တော်အခြေစိုက်စကခ(၉) သို့ရိက္ခာ၊ လက်နက်လာရောက် တင်ပို့သည့် ဇက်သင်္ဘောကို အေအေက ပစ်ခတ်ခဲ့သဖြင့် ထိမှန်ခဲ့ည်ဟု သိရသည်။(NN-7)

Share: