ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟကို စစ်တပ်နှင့် ရဲက ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဥ္စရာ၊ စက်တင်ဘာ ၂၀/၂၀၂၂


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ အသက် ၄ဝ ခန့်အရွယ် ကိုဖိုးသီဟ(ခေါ်)ကိုမြတ်သူထွန်းကို ယနေ့နေ့လယ်က စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးသွားသည်ဟု သိရသည်။


သူ့ကို ယနေ့ စက်တင်ဘာလ ၂ဝ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ကားတစ်စီးနှင့် ရဲကားတစ်စီးတို့ဖြင့် မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်ရှိ သူ၏နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။


ကိုဖိုးသီဟက သူ့အိမ်မှာ တစ်ယောက်တည်းနေတာ။ သူ့ကို ခေါ်သွားတာကို မြို့ထဲက လူတွေက မြင်လိုက်လို့ ကျနော်တို့ကို ဖုန်းဆက်ခေါ်လို့ ကျနော်တို့လည်း အခု သူ့အိမ်သို့ရောက်နေကြတယ်။ သူ့ကို ဘောင်းဒွတ်ဘက်မှာရှိတဲ့ ၃၇၇ တပ်ဘက်ကိုခေါ်သွားတယ်လို့သိရတယ်။ ဘာကြောင့် အခုလို ခေါ်သွားတယ်ဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ဘူးဟု ပြောသည်။


ကိုဖိုးသီဟကို ကားဖြင့်ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့ ထပ်မံလာရောက်ကာ နေအိမ်အတွင်း မွှေနှောက်ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ရာ မတွေ့ရသည့် အတွက် နောက်ထပ်တစ်ဖန် ကိုဖိုးသီဟကို လက်ထိပ်ခတ်ပြီးနေအိမ်သို့ခေါ်ဆောင်ကာ ထပ်မံရှာဖွေခဲ့ကြသည်ဟု သိရသည်။


ယင်းသို့ရှာဖွေခဲ့သည့်အတွက် ကိုဖိုးသီဟ၏လက်ကိုင်ဖုန်းနှင့် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းပေါင်းချုပ်စာအုပ်တို့ကို ရှာဖွေတွေ့ရှိယူဆောင်ကာ ပြန်လည်ထွက်ခွာသွားကြသည်ဟု နေအိမ်အတွင်းအဝတ်လျှော်၍ရှိနေခဲ့ကြသည့် မျက်မြင်မိန်းကလေး ၂ ဦး၏ ပြောစကားများကိုကိုးကားပြီး ကိုဖိုးသီဟ၏မိသားစုဝင်များက ပြောသည်။


သူ facebook တွေဘာတွေသုံးတာတွေမှာ သတင်းတွေတင်လို့လား။ သူကတော့ အရင်ကလည်း သတင်းထောက်လုပ်ခဲ့တယ်။ သူ သတင်းထောက်မလုပ်တာတော့ ကြာပြီလေ။ အိမ်မှာ ကလေးတွေကစားတဲ့ အရုပ်ဆိုင်ဖွင့်ထားတာ။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာတော့ အဖြေတော့ မရှိသေးဘူးဟု ပြောသည်။


ကိုဖိုးသီဟသည် ယခင်က 7 Day News ဂျာနယ်၊ DVB သတင်းဌာနနှင့် ရခိုင်အခြေစိုက်သတင်းဌာန အချို့တို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး သတင်းမီဒီယာလောကမှ ထွက်ခွာခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီဟု သူနှင့် နီးစပ်သူများက ပြောသည်

ဆက်စပ် သတင်းများ