နိရဉ္စရာ၊စက်တင်ဘာ ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယနေ့စက်တင်ဘာ ၂၁ ရက် နံနက် (၉) နာရီတွင်တစ်ကြိမ်၊ နေ့လယ် (၁) နာရီခန့်တွင်တစ်ကြိမ် နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းဒေသခံများက ပြောသည်။
"ဒီနေ့မနက် ၉ နာရီလောက်မှ ခဏဖြစ်ခဲ့ပါတယ်။ သိပ်မကြာခဲ့ဘူး မနက်ကဖြစ်တဲ့တိုက်ပွဲ။ မိနစ် ၂၀ လောက်ပဲရှိမယ်။နေ့လယ် တစ်နာရီလောက်မှာ ပြန်စဖြစ်တာပါ။ နေ့လယ် နှစ်နာရီကျော်အထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မပြတ်ဘူး။ ဆူညံနေတာပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိမှာနှစ်ဘက်ပစ်ခတ်သံရပ်တန့်သွားသော်လည်း ရေစိုးချောင်းဗျူဟာတောင်ကုန်းမှ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။
"အခုကတော့လက်နက်ကြီးတွေ ရေစိုးချောင်းဗျူဟာက ဆက်ပစ်နေပါတယ်"ဟု ပြောသည်။
လက်ရှိမှာလည်းရေစိုးချောင်းဗျူဟာနှင့် တိုက်ပွဲဖြစ်ပွားသည့် မညင်းတောင်ကျေးရွာ အနီးဝန်းကျင်တို့ကို အေအေကဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိ၇သည်။
သြဂုတ်လ(၃၁) ရက်နေ့ကလည်း ရေစိုးချောင်းဗျူဟာက ကုလားချောင်းကျေးရွာမှရိက္ခာဆင်းယူသည့် စစ်ကြောင်းကိုအေအေက ပစ်ခတ်တိုက်ခိုက်၍ စစ်ကောင်စီတပ် (၄) ဦး ကျဆုံးခဲ့ကြောင်း သိ၇သည်။
ယခုဖြစ်ပွားသည့်တိုက်ပွဲမှာလည်း စစ်ကောင်စီက လှုပ်ရှားမှုတစ်ခုခုရှိ၍ ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်းဒေသခံများက ဆိုသည်။
၇သေ့တောင်မြို့နယ်တွင်သြဂုတ်လ ၁၃ ရက်နေ့ကလည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်း တပ်ခွဲတစ်ခုလုံးကျဆုံးမှုရှိခဲ့ပြီးနောက်စစ်တွေ- ရေချမ်းပြင်-အငူမော်- မောင်တောကားလမ်းကိုစစ်ကောင်စီက ပိတ်ထားလိုက်သဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးအထူးဒုက္ခရောက်လျက်ရှိနေကြသည်။
အဆိုပါတိုက်ပွဲများကြောင့်ရသေ့တောင်မြို့နယ် ကျေးရွာများမှ ဒေသခံ ထောင်ချီထွက်ပြေး တိမ်းရှောင်ခဲ့၇သည်။(NN-7)