- Web Master
- ၂၅ စက်တင်ဘာ ၂၀၂၃
နိရဥ္စရာ၊ စက်တင်ဘာ ၂၁/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)ကို ကူညီထောက်ပံ့လျှင် ပိုင်ဆိုင်မှုကိုသိမ်းသည်အထိ အရေးယူမည်ဟု ပြည်နယ်စစ်ကောင်စီက ရခိုင်မှလုပ်ငန်းရှင်များကို ခေါ်ယူ ခြိမ်းခြောက်လိုက်သည်ဟု သိရသည်။
“AA ကိုမထောက်ပံ့ရဘူး။ ထောက်ပံ့ရင် ညှာမှာမဟုတ်ဘူး။ အရေးယူမယ်လို့ ပြောတယ်။ ပိုင်ဆိုင်မှုတွေကိုတောင် သိမ်းတဲ့အထိ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်”ဟု ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂ဝ ရက်တွင် ပြည်နယ်အစိုးရရုံးသို့ ခေါ်ယူကာ ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဒကစမှူးနှင့် ပြည်နယ်ရဲမှူးကြီးတို့က ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၎င်းအစည်းအဝေးကို ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များစသည့် လုပ်ငန်းရှင် ၆ဝ ဦးခန့်တက်ရောက်ခဲ့သည်။
ရခိုင်မှ လုပ်ငန်းရှင်များတွင် AA ကိုထောက်ပံ့နေသူများကိုလည်း သတင်းရထားသည့်အတွက် ၄င်းတို့အနေဖြင့် ရပ်တန့်မှရပ်ကြရန်လည်း လုံ/နယ်ဝန်ကြီးက ပြောဆိုခဲ့သည်ဟုလည်း သိရသည်။
ရခိုင်ပြည်တွင် ရခိုင်လူထုအားပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီကို ထောက်ခံသူ မရှိသလောက် နည်းပါးသွားပြီး ရက္ခိုင့်တပ်တော် ( AA) ကို ထောက်ခံမှုများလာသည့်အပေါ် မနာလိုမရှုစိမ့်နိုင်ဖြစ်နေသည့် စစ်ကောင်စီသည် စီးပွားရေးလုပ်ငန်းရှင်များကိုခေါ်ယူပြီး လူသိရှင်ကြား ခြိမ်းခြောက်မှု ပြုလုပ်လာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ရခိုင်မှလုပ်ငန်းရှင်များအပြင် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြရသည်ဟု သိရသည်။
လက်ရှိ ရခိုင်တွင် စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများကိုလည်း ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။