ကျောက်ဖြူမှ ဖမ်းဆီးခံလူငယ် ၂ ဦးအမှု တရားလိုရဲစခန်းမှူးမရောက်၍အမှုမစစ်ရ၊ ရုံးချိန်းအကြိမ်ကြိမ်ပျက်ကွက်နေ၍ ဖမ်းဆီးခံထားရသူများဘက်က နစ်နာမှုရှိဟုဆို


နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးတရားစွဲခံလူငယ် ၂ ဦးကို စက်တင်ဘာ ၂၂ ရက် (ယမန်နေ့)က ရုံးထုတ်ခဲ့သော်လည်း တရားလိုဖြစ်သူ ဇင်ချောင်းရဲစခန်းမှူးမှာ လုံခြုံရေးအခြေအနေကြောင့် ရုံးချိန်းမရောက်လာခဲ့သဖြင့် အမှုကို မစစ်ဆေးခဲ့ရဟု ၎င်းတို့နှင့်နီးစပ်သူများကပြောသည်။

ထိုသို့ တရားလို စခန်းမှူး အကြိမ်ကြိမ်ပျက်ကွက်နေသဖြင့် ဖမ်းဆီးခံထားရသူများအနေဖြင့် အထူးနစ်နာမှုရှိနေသည်ဟု ၎င်းတို့က ပြောသည်။

"သူက ဆက်တိုက်ပျက်နေတာ၊ အမှုတခါမှ မစစ်ရသေးဘူး။ အယင်တုန်းကလည်း လုံခြုံရေးအခြေအနေကြောင့်လို့ပြောတယ်၊ အခုလည်းအဲဒီအတိုင်းပဲ။ ဒီလိုပြောနေတာလည်း အကြိမ်ပေါင်းများစွာရှိနေပြီ။ ဆုံးရှုံးနစ်နာမှုတွေကအများကြီးရှိတယ်။ ဒီလိုတွေဖြစ်နေတော့။ သူတို့ကမတရားလည်းစွပ်စွဲခံရတယ်။ နောက်ပြီးရုံးချိန်းကိုလည်း မတက်ရောက်ပေးဘူးလေ။ ဒီကျောင်းသားလေးဆိုရင်လည်း ဒီနှစ်တစ်နှစ်ကျောင်းနားလိုက်ရတယ်လေ။ ဘာတခုမှလည်း အပြစ်တာလည်းမဟုတ်ဘဲနဲ့။ ကျနော်တို့မိသားစုတွေအနေနဲ့ကတော့ သူတို့ကိုဒီလိုလိုထားထားမဲ့အစား အပြစ်မရှိရင်လွှတ်ပေးစေချင်တယ်" ဟုပြောသည်။

အဆိုပါတရားလိုဇင်ချောင်းရဲစခန်းမှူးသည် လုံခြုံရေးအခြေအနေကိုအကြောင်းပြ၍ ရုံးချိန်းပျက်ကွက်နေသည်မှာ လေးကြိမ်တိုင်တိုင်ရှိနေပြီဖြစ်ကာ ထိုကဲ့သို့ရုံးချိန်းအကြိမ်ကြိမ် ပျက်ကွက်နေသဖြင့် ဖမ်းဆီးခံထားရသူများအနေဖြင့်လည်း အချိန်ကြန့်ကြာကာ နစ်နာမှုများရှိနေကြောင်း မိသားစုဝင်တစ်ဦးကပြောည်။

၎င်းတို့နှစ်ဦးအား လာမည့်အောက်တိုဘာလ ၆ ရက်အား ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်းသိရသည်။

ထို့အပြင် တစ်လလျှင်နှစ်ကြိမ်ခန့် ချိန်းဆိုနေသည့် ရုံးချိန်းများသို့ နယ်ဝေးမှလာရသည့် မိသားစုဝင်များ အနေဖြင့်လည်း အလုပ်ပျက်အကိုင်ပျက်ဖြစ်ရပြီး လမ်းစရိတ်များမှာလည်း တစ်ကြိမ်လာလျှင် ငွေကျပ် တစ်သိန်းကျော်ခန့်ကုန်ကျလျက်ရှိပြီး တရားလိုဘက်ကရုံးချိန်းပျက်ကွက်၍ အမှု အခြေအနေ တိုးတက်လာမှုမရှိသဖြင့် များစွာဆုံးရှုံးနစ်နာရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသည့်လူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)တို့ဖြစ်ပြီး မူရွင်းကျေးရွာတွင် ပန်းရံလုပ်ငန်း လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ လုပ်ငန်းသုံး ပစ္စည်းဝယ်ရန်လာစဉ်တွင် ဇင်ချောင်းရဲစခန်းရှေ့ရှိ လုပ်ငန်းသုံးပစ္စည်းရောင်းသည့် ဆိုင်မှဝယ်အပြီး ယင်းအနီး ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေစဉ် ရဲသား ၅ ဦးခန့်က မသင်္ကာ၍ စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ဇင်ချောင်းရဲစခန်းသို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့နောက် ဇင်ချောင်းရဲစခန်း၌ ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးနှင့် မိသားစုဝင်များ တွေ့ခွင့်ရခဲ့ပြီး ညနေပိုင်း ကျောက်ဖြူမြို့တပ်ရင်းတစ်ခုသို့ ခေါ်ဆောင်သွားကာ နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းကျေးရွာတွင် လူပျိုကာလသား ခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေကာ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းများကိုလည်း နေ့စဉ်ရက်ဆက်ဆိုသလို စစ်ကောင်စီမှ လုပ်ဆောင်နေကြောင်းသိရသည်။

Share: