မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟ ဖမ်းဆီးခံရသည်မှာ ၄ ရက်ကြာလာသော်လည်း အဆက်အသွယ်မရ၍ မိသားစုများအထူးစိုးရိမ်နေ


နိရဥ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ ကိုဖိုးသီဟ(ခေါ်) မြတ်သူထွန်းသည် ဖမ်းဆီးခံရသည်မှာ ၄ ရက်ကြာမြင့်လာသော်လည်း အဆက်အသွယ်လုံးဝမရ၍ မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

အသက် ၄ဝ ခန့်အရွယ် ကိုဖိုးသီဟ(ခေါ်)ကိုမြတ်သူထွန်းကို စက်တင်ဘာလ ၂ဝ ရက် နေ့လယ်က စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၃ ရက်အထိ မည်သည့် သတင်းအစနမှမရ၍ အထူးစိုးရိမ်နေမိသည်ဟု ညီမဖြစ်သူ မအေးမြတ်ခင်က နိရဥ္စရာကို ပြောသည်။

စိုးရိမ်တာကတော့ ပြောဖို့လိုသေးလို့လား။ နှိပ်စက်ထားမှာကို အရမ်းစိုးရိမ်နေပါတယ်။ ဘယ်မှာ ရှိမှန်းလဲမသိဘူး။ အဆက်အသွယ်လည်း မရဘူး။ သူ့ကိုဖမ်းတုန်းကလည်း အိမ်သားတွေလည်း မသိလိုက်ဘူး။ ဘာကြောင့် ဖမ်းသွားမှန်းလည်း မသိဘူး။ လူကြီးတွေကိုပြောချင်တာက ကျန်းကျန်းမာမာနဲ့ အရင်ဆုံးပြန်လွှတ်ပေးဖို့ကိုပဲ တောင်းဆိုချင်ပါတယ်ဟု ပြောသည်။

ကိုဖိုးသီဟကို စက်တင်ဘာလ ၂ဝ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ကားတစ်စီးနှင့် ရဲကား တစ်စီးတို့ဖြင့် မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်ရှိ သူ၏နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းသို့ဖမ်းဆီးခံရပြီးနောက် မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်သော်လည်း ကိုဖိုးသီဟကို ရဲစခန်းသို့ လွှဲပြောင်းပေးခြင်းမရှိဟု ဖြေဆိုကြောင်း ညီမဖြစ်သူ မအေးမြတ်ခင်က ဆိုသည်။

ယင်းကြောင့် ကိုဖိုးသီဟနှင့်ပတ်သက်ပြီး မည်သည့်နေရာသို့သွားရောက်စုံစမ်းရမည်ကို မသိနားမလည်၍ အကူအညီမဲ့နေသည်ဟုလည်း ပြောသည်။

ကိုဖိုးသီဟကို ဖမ်းဆီးသွားသည့်နေ့က သူ့ကို ကားဖြင့်ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့က နေအိမ်အတွင်း ထပ်မံလာရောက်ကာ မွှေနှောက်ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ရာ မတွေ့ရသည့်အတွက် နောက်ထပ်တစ်ဖန် ကိုဖိုးသီဟကို လက်ထိပ်ခတ်ပြီးနေအိမ်သို့ခေါ်ဆောင်ကာ ထပ်မံရှာဖွေခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ရှာဖွေခဲ့သည့်အတွက် ကိုဖိုးသီဟ၏လက်ကိုင်ဖုန်းနှင့် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းပေါင်းချုပ်စာအုပ်တို့ကို ရှာဖွေတွေ့ရှိယူဆောင်ကာ ပြန်လည်ထွက်ခွာသွားကြသည်ဟု နေအိမ်အတွင်းအဝတ်လျှော်၍ရှိနေခဲ့ကြသည့် မျက်မြင်မိန်းကလေး ၂ ဦး၏ ပြောစကားများကိုကိုးကားပြီး ကိုဖိုးသီဟ၏မိသားစုဝင်များက ပြောသည်။

ကိုဖိုးသီဟသည် ယခင်က 7 Day News ဂျာနယ်၊ DVB သတင်းဌာနနှင့် ရခိုင်အခြေစိုက်သတင်းဌာန အချို့တို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် သတင်းမီဒီယာလောကမှ ထွက်ကာ ကလေးကစားစရာအရုပ်ဆိုင်ရောင်းချနေသူဖြစ်သည်။

 

သို့သော် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စစ်ရေး၊ နိုင်ငံရေးအကြောင်းများကို မျှဝေလေ့ရှိသူလည်း ဖြစ်သည်။

ကိုဖိုးသီဟကိုဖမ်းဆီးသွားပြီးနောက် ရခိုင်ပြည်နယ်ကောင်စီ၏ သတင်းများကို ရေးသားဖော်ပြနေသည့် ရခိုင်နေ့စဉ် facebook Page တွင် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ သတင်းရေးသား လှုံ့ဆော်သူများအား အရေးယူတော့မည်ဟု စက်တင်ဘာလ ၂၁ ရက်တွင် ရေးသားထုတ်ပြန်ခဲ့သည်။

ရခိုင်တွင် နေ့စဉ်တိုက်ပွဲဖြစ်သယောင် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ အကောင့်တုများဖြင့်ရေးသားနေသည်ကို ဖုန်းနံပတ်များမှတဆင့်စိစစ်နေပြီး ဖမ်းဆီး အရေးယူရန်ဆောင်ရွက်နေကြောင်း ရေးသားထားသည်။

Share: