မင်းပြား တိုင်းဗဟို(၉)အနီး နွားပျောက်ရှာသည့်ရွာသား ၁ ဦး မိုင်းနင်းမိ၍သေဆုံး


နိရဥ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ တိုင်းဗဟို (၉) စစ်တပ်အနီးရှိ ‌ကျောင်း‌တောင်ကွင်းတွင် နွားပျောက်ရှာဖွေသည့်ဒေသခံတစ်ဦးသည် မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု သိသည်။
မိုင်းနင်းမိ၍သေဆုံးသူမှာ မင်းပြားမြို့နယ် အိုးပုံတောင်ကျေးရွာမှ အသက် (၄၃)နှစ်အရွယ် ဦးထွန်းလှသိန်းဖြစ်သည်။
သူသည် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် ညနေ ၄ နာရီခန့်က ရွာမှ ဦးညီပုဆိုသူနှင့်အတူ ရွာ၏တောင်ဘက်သို့ ၆ ဖာလုံခန့်သွားရသည့် တိုင်းဗဟို (၉)စစ်တပ်အနီးတွင် နွားရှာသွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု သူ့အလောင်းအားကူညီပေးခဲ့သူတစ်ဦးက ပြောသည်။
"သေဆုံးသွားသူက ရှေ့ကပေါ့။ ရှေ့ကလူမှာ မိုင်းနင်းမိပြီးတော့ မြောင်းထဲကျသွားတယ်။ နောက်ကအဖော်က ကြောက်ကြောက်နဲ့ အပေါ်ကိုဆွဲတင်ထားခဲ့တယ်။ ပြီးတော့ ရွာကိုပြေးလာတယ်" ဟုပြောသည်။

သေဆုံးသွားသူတွင် ညာဘက်ခြေထောက်၊ ဝမ်းဗိုက်ဘေးနှင့် ညာဘက်နားထင်တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိကာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
သေဆုံးသူတွင် အမျိုးသမီးနှင့် သားသမီး ၄ ဦးရှိပြီး သေဆုံးသူ၏အလောင်းကို ရွာပြင်တွင်ထားရှိကာ ယနေ့တွင် သင်္ဂြိုလ်သွားမည်ဟု သိရသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှစတင်ခဲ့သည့် စစ်ပွဲကာလများတစ်လျှောက်မှ စက်တင်ဘာ ၁၉ ရက်အထိ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့်  အရပ်သား သေဆုံးသူ ရ၁ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၄၆ ဦးရှိနေသည်ဟု ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခက စက်တင်ဘာလ ၁၉ ရက်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
ရခိုင်တွင် မိုင်းပေါက်ကွဲမှုများမကြာခဏရှိနေပြီး ထိခိုက်သေဆုံးမှုများရှိနေ၍ စစ်တပ်တပ်စွဲထားသည့် နေရာအနီးဝန်းကျင်နှင့် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများကို သွားလာခြင်းမပြုလုပ်ကြရန် ULA/AA က သတိပေး ပြောဆိုထားသည်။ (NN-13)

Share: