နိရဉ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ ကံကော်တောဘုရားအနီးတွင် အမည်မသိ လူတစ်စုက ဓားဖြင့်ထိုးသတ်၍စစ်ကောင်စီတပ်သား ၁ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်က ဆိုင်ကယ်ဖြင့်ဈေးဝယ်ပြီးပြန်လာသည့်စစ်ကောင်စီတပ်သားကို လူတစ်စုက ဓားဖြင့်ထိုးသတ်၍ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်းအမည်မဖော်လိုသူ တစ်ဦးကပြောသည်။
"ကံ့ကော်တောဘုရားနားက တာဝါတိုင်နားမှာ အသတ်ခံ၇တာပါ။ CNPC ရုံးအထက်က တောင်ကုန်းမှာတပ်စွဲနေတဲ့တပ်သား ၂၀ လောက်ရှိမယ်။ အဲ့ဒီကနေ ဈေးထွက်ဝယ်ပြီးအပြန်မှာ အသတ်ခံ၇တာ ပွဲချင်းပြီးပဲ။ လူတစ်စု သတ်သွားတာ ဘယ်သူသတ်သွားလဲ မပြောတတ်ဘူး"ဟုပြောသည်။
စစ်ကောင်စီတပ်သား သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က နေအိမ်များကိုဝင်ရောက်စစ်ဆေးမှုများလုပ်ခဲ့ပြီး ကျေးရွာသားတချို့မှာလည်း ဖမ်းဆီးစစ်ဆေးခံနေကြောင်း ဒေသခံများကပြောဆိုသော်လည်း အရေအတွက်အတိအကျကို မသိ၇သေးပေ။
အဆိုပါ စစ်ကောင်စီတပ်သားအလောင်းကို စစ်တပ်က နေ့လယ် ၂ နာရီခန့်တွင် ယူဆောင်သွားပြီဟု ဒေသခံတစ်ဦးက ပြောသည်။
"အလောင်းကို နေ့လယ်ကနေ တပ်ကသယ်သွားပါပြီ။ ရွာထဲမှာတော့ ဆူသွားတာပေါ့။ သူတို့က ဝင်စစ်တာတွေ ဖမ်းတာတွေမလုပ်ခင်ကနေ အခုလိုဖြစ်တော့မှာကိုသိနေတယ်။ ထင်တဲ့အတိုင်းပါပဲ။စစ်သားတွေ ၅၀ ကျော်တယ်။ လာပြီး စစ်တာ၊ဖမ်းတာတွေရှိပါတယ်။ ဖမ်းခံ၇တဲ့ အရေအတွက်အတိအကျတော့ ကျနော်လည်းမသိပါဘူး"ဟု ပြောသည်။
ရခိုင်တွင်စစ်ရေးတင်းမာမှုများနှင့်အတူ မဆိုင်သည့် အရပ်သားများကိုစစ်ကောင်စီတပ်က ဥပဒေကို လိုသလို အသုံးချကာ ဖမ်းဆီးပြီး နှိပ်စက်မှုများရှိနေသဖြင့်ဒေသခံပြည်သူများအကြားတွင် မကျေနပ်မှုများတိုးပွားနေပြီး ယခုဖြစ်စဉ်သည် ထိုအကျိုးဆက်ကြောင့်ဖြစ်ပွားခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားတစ်ဦးက ပြောဆိုသည်။ (NN-7)