နိရဉ္စရာ၊ စက်တင်ဘာ ၂၄/၂၀၂၂
ကျောက်တော်စစ်ကောင်စီတပ်က မြောက်ဦးမြို့နယ်ဘက်တပ်စခန်းတစ်ခုသို့ ပို့ဆောင်သည့်ကားနှစ်စီးဖြင့် တင်ဆောင်လာသည့်ရိက္ခာများကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များမှ လမ်းကဖြတ်တောက်ကာ သိမ်းယူသွားခဲ့သည်ဟုခိုင်လုံသော သတင်းရင်းမြစ်အရ သိရှိ၇သည်။
၎င်းဖြစ်စဉ်ယမန်နေ့ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းကပြောသည်။
"ဖြစ်စဉ်က ဝေသာလီနဲ့ ဘုရားကြီးကြားလမ်းကွေ့မှာ ဖြစ်တာပါ။ ကျောက်တော်ဘက်က လာတဲ့ရိက္ခာကားကို အေအေက ဖြတ်ယူ ထားလိုက်တာပါ။ ကားမှာတော့ လူ(၄) ယောက်ပါတယ်လို့ သိရပါတယ်။သူတို့ နဲ့ ကားကို ဘာလုပ်လိုက်လဲ ကျနော်လည်း အတိအကျတော့မပြောတက်ပါဘူး။ ရိက္ခာတွေအကုန်လုံးကိုတော့အေအေကယူသွားပါပြီ"ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
စစ်ကောင်စီရိက္ခာကား ဖြတ်ယူသိမ်းပိုက်ခံ၇ခြင်းမှာ ဟုတ်မှန်ကြောင်းနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"၄ နာရီခွဲလောက်က ဖြစ်သွားတာပါ။ တော်ရုံလူ သတိတောင်မထားမိကြပါဘူး။ ပစ်သံခတ်တာလည်း မရှိပါဘူး။ ကားရော၊ လူရော ယူသွားတယ် ကြားပါတယ်။ ထွက်မကြည့်ဝံ့လို့ ကျနော်တို့နောက်ပိုင်းကိစ္စကိုတော့ မသိတော့ပါဘူး"ဟု ပြောသည်။
ကားပေါ်ဖြင့် ရိက္ခာများကိုပို့ဆောင်ရန် သယ်ယူလာသူများမှာ စစ်ကောင်စီတပ်သားလား၊သာမန် အရပ်သားလားဆိုသည်ကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သဖြင့် တင်ပြနိုင်ခြင်းမရှိပါ။