နိရဉ္စရာ၊ စက်တင်ဘာ ၂၄/ ၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်(ရွာတော်) ခရိုင်၊ နတ်ကျောက်ဆရီနယ်စပ်အနီးရှိ ကောင်းကင်ယံတွင်မြန်မာဘက်က ၇ဟတ်ယာဉ်တစ်စင်း ယမန်နေ့ညက ပျံဝဲပစ်ခတ်ခဲ့ကြောင်း The Daily Star သတင်းတွင် ရေးသားဖော်ပြသည်။
နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံး ယူနီယံအပိုင် Bhajabonia နယ်နိမိတ်အတွင်းရှိ ကောင်းကင်တွင် စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ပျံဝဲပစ်ခတ်ခဲ့ကြောင်း ဒေသခံများကိုကိုးကား၍ Bandarban သတင်းထောက်က သတင်းပေးပို့သည်ဟု ဖော်ပြသည်။
ခေါင်းတုံးနယ်မြေ တာဝန်ရှိသူ တစ်ဦးက နယ်စပ်ဒေသသို့ ဒုတိယကော်မရှင်နာနှင့် ရဲမှူးကြီးတို့ သွားရောက် လေ့လာပြီးနောက်လွန်ခဲ့သည့် တစ်ပတ်အကြာကစပြီး အဆိုပါဒေသ၏ အခြေအနေသည် အလွန်တည်ငြိမ်နေခဲ့ကြောင်း၊ သို့သော်ယမန်နေ့ညက မြန်မာရဟတ်ယာဉ်မှ ရုတ်တရက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူအများအထိတ်တလန့် ဖြစ်ခဲ့၇ကြောင်း သတင်းထောက်အား ပြောကြားခဲ့သည်။
နတ်ကျောက်ဆရီမြို့နယ် Nirbahi အရာရှိSalma Ferdous က "မြန်မာ့ရဟတ်ယာဉ်တစ်စင်း မနေ့ညက နယ်စပ်ကိုဖြတ်ကျော်လာတယ်လို့ ကြားတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ တရားရေးအေဂျင်စီတွေက နယ်စပ်တလျှောက် ပုံမှန် ကင်းလှည့်နေပြီး တပ်လှန့်ထားပါတယ်။ ပြည်သူတွေအထိတ်တလန့် မဖြစ်ကြဖို့ တိုက်တွန်းထားပါတယ်” ဟု ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
ကော့ဘဇားရှိအမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ရင်းမှ ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး Md MehediHasan Kabir က" မနေ့ကအထိ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကိုမြန်မာရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး သတင်းမရရှိသေးပါဘူး။ ၇ဟတ်ယာဉ်က မြန်မာနိုင်ငံထဲပါ။ ဒါပေမယ့် နယ်စပ်နဲ့ နီးကပ်ပျံသန်းခဲ့တာပါ" ဟု ပြောသည်။
၎င်းပြင်သူက “နယ်စပ်လုံခြုံရေးအတွက်တပ်ရင်းနဲ့ တပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ထားပါတယ်။ ၂၀၁၇ တုန်းကလို ထပ်ပြီး မစိမ့်ဝင်နိုင်အောင်ကျနော်တို့ က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်” ဟု ပြောသည်။
“နယ်စပ်တစ်လျှောက်မှာ ကျွန်တော်တို့ရဲ့ကင်းလှည့်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်” ဟု၎င်းကဆက်လက်ပြောသည်။
စက်တင်ဘာ၁၀ ရက် အစောပိုင်းက တောင်ပြိုနယ်စပ်တွင်မြန်မာနိုင်ငံအတွင်း သေနတ်သံများနှင့် ပစ်ခတ်သံများ ပြင်းထန်စွာ ကြားခဲ့၇ကြောင်းဒေသခံများက ပြောသည်။
“ Myanmararmy helicopter "opens fire” at Tumbru border” ကိုဘာသာပြန်သည်။