နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ မင်းပြားနှင့် ကျောက်တော်မြို့ထဲကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၂၅) နံနက်အစောကြီး ညဉ့်အချိန်ကလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်၍ စီးပွားရေးလုပ်ငန်းရှင် နှစ်ဦး၏ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။
မင်းပြားမြို့ထဲကို စစ်ကောင်စီတပ်သားများ ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ယနေ့စက်တင်ဘာ ၂၅ ရက် နံနက် ညဥ့် ၁ နာရီအချိန်တွင် ဝင်ရောက်လာပြီး နေအိမ် ၂ လုံးကို တမင်တကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းဒေသခံများက ပြောသည်။
ပစ်ခတ်ခံခဲ့၇သည့် နေအိမ်များမှာ မင်းပြားမြို့ ၊ အလယ်ပိုင်းရပ်ကွက်၊ကမ်းနားလမ်းမှ ဦးအောင်ကြည်ဝင်း(မေတ္တာမွန် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်) နှင့် ဦးဝင်းသိန်း(ငွေလွဲငွေပြောင်းလုပ်ငန်း) တို့ ဖြစ်ကြပြီး နေအိမ်နှစ်လုံးစလုံးမှာ ထိခိုက်ပျက်စီးသွားကြောင်း အမည်မဖော်လိုသူ မင်းပြား ဒေသခံတစ်ဦးက ပြောသည်။
"ညဥ့် ၁ နာရီ ၃၀ မိနစ်လောက်မှာ မြို့ထဲကိုကားတစ်စီးနဲ့ ဆိုင်ကယ် ၂ စီး မြို့ကိုပတ်တယ်။ အဲ့ဒီကနေ အဲဒီအိမ်တွေကို ပစ်သွားတာပါ။ မြင်လိုက်တဲ့လူတွေကတော့ အရပ်ဝတ်တွေ ဝတ်ထားတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကားနဲ့ ဆိုင်ကယ်နဲ့ ဝင်လာတာဆိုတော့ လူတိုင်း စစ်ကောင်စီတပ်ဆိုတာကိုသိကြပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ အချိန်အတွင်း ကျိန်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည် လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ကြောင်း၊ မချည်းမနှောင်းတွင် ၎င်းတပ်က မြို့ထဲကို ဝင်ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ သူတို့က လူအိပ်နေချိန်ဆိုတော့ ထိခိုက်ဒဏ်ရာရရှိသွားတာ မရှိဘူး။ဒါပေမယ့် အရမ်း စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေဘဲ။ တိုင်းပြည်တာဝန်ကို ယူထားတဲ့ စစ်တပ်တစ်ခုကဒီလိုလုပ်တာကတော့ အရမ်းကို အန္တရာယ်များတယ်။ အခု လူတိုင်းအကာအကွယ်မဲ့ပြီး စိုးရိမ်ရတဲ့အနေအထား ရောက်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။
ကျိန်းတောင်ထက်က လက်နက်ကြီးကျည် ၃ လုံးမှာ မည်သည့်ဘက်သို့ ကျရောက်သွားသည်ကို မသိ၇ဟု ၎င်းကဆိုသည်။
အဆိုပါ အိမ်နှစ်အိမ်ကိုရွေးချယ် ပစ်ခတ်သွားမှုနှင့် ပတ်သက်ပြီး မင်းပြားမြို့ အခြေအနေအရပ်ရပ်ကို သိရှိနားလည်သူနိုင်ငံရေးသမားတစ်ဦးကို မေးမြန်းရာ ၎င်းက ယခုလို သုံးသပ်ပြောဆိုသည်။
“မင်းပြားမှာ တချို့စီးပွားရေးသမားတွေက စစ်ကောင်စီနဲ့ ပေါင်းပြီးမမှန်သတင်းတွေ ပေးနေတာရှိတယ်။ သူတို့ ဟို စစ်တွေက နယ်လုံဝန်ကြီးနဲ့ ပေါင်းပြီး အေအေသတင်းတွေကို သွားပေးနေတာတွေရှိတယ်။ သူတို့မှာ ပြည်မပါတီနောက်ခံတွေလည်းရှိတယ်။ ဒါတွေကိုမင်းပြားမှာ လူတိုင်းသိပါတယ်။ ကျနော်ပြောချင်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် ခုလို အခြေအနေမျိုးမှာစီးပွားပျက်၊ ဘ၀ပျက်အောင် မလုပ်သင့်ကြဘူး။ ကိုယ့်လူမျိုးအချင်းချင်း ထိန်းသိမ်းကြဖို့ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
ယင်းအပြင် ကျောက်တော်မြို့တွင်လည်း စကခ(၉)နှင့် ဇက်ရေယာဉ်မှ ယနေ့ ညဉ့်အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိခဲ့သော်လည်းမြို့ထဲတွင် ထိခိုက်မှုမရှိခဲ့ကြောင်း သိ၇သည်။
သို့သော်ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တချို့ထိခိုက်မှုရှိခဲ့ကြောင်း နာဂရာကျေးရွာသူတစ်ဦးက ပြောသည်။
"ည၈ နာရီကျော် ကနေ ၁၀ နာရီလောက်အထိပစ်ပါတယ်။ ဒရုန်းလာပြီးတာနဲ့ ပစ်တာပါ။ ရွာဘောလုံးကွင်းမှာလက်နက်ကြီးတစ်လုံးကျပါတယ်။ နောက်ပြီး ကျောင်းနားက ဦးအောင်သာဘန်း အိမ်ခေါင်မှာကျည်ပေါက် ၄ ပေါက်ထိသွားတယ်။ အဲ့ဒီအိမ်မှာတော့ လူမရှိပါဘူး။ ကျမတို့ အိမ်နားကတော့ဖြောက်ဖြောက်နဲ့ ကျည်စတွေကျတဲ့ အသံတွေပဲကြားရတယ်။ လူတွေဘာတွေ ကံကောင်းလို့ထိခိုက်မှုတော့မရှိပါဘူး"ဟု ၎င်းအမျိုးသမီးက ပြောသည်။
စကခ (၉)မှ စက်တင်ဘာ၂၄ ရက်ကလည်း ည၈ နာရီကျော်မှ ၁၀ နာရီအထိ ပစ်ခတ်ခဲ့ပြီး နာဂရာကျေးရွာ ဘောလုံးကွင်းတွင် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲပြီးကျောင်းအနီးမှ ဦးအောင်သာဘန်းနေအိမ်တွင်လည်း ကျည်ထိကာ ခေါင်မိုးများပေါက်သွားကြောင်း၎င်းက ဆိုသည်။
ယခုပစ်ခတ်မှုအတွင်းမှာ ေဒသခံများတစ်စုံတစ်ရာထိခိုက်မှုမရှိသော်လည်းအချိန်နှင့်အမျှ အသက်အန္တရာယ်ကိုစိုးရိမ်နေရပြီး အကြောင်းပြချက်မရှိ တမင်တကာ ပြည်သူလူထုကို ဦးတည်တိုက်ခိုက်ခြင်းမှာယုတ်ညံ့သည့်လုပ်ရပ်ဟု အမည်မဖော်လိုသူ ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
"ထိခိုက်မှုမရှိပေမယ့် အားလုံးစိုးရိမ်၇တယ်။ မနက်မိုးလင်းရင် ထပ်ပစ်မလားဆိုတဲ့စိုးရိမ် ကြောင့်ကြမှုတွေနဲ့ နေနေရပါတယ်။ နေ၇တာ မလုံခြုံတော့ပါဘူး။ဘာမှမဆိုင်တဲ့ ပြည်သူကို လာတိုက်ခိုက်တာဟာ ယုတ်ညံ့တဲ့လုပ်လုပ်ဖြစ်ပါတယ်" ဟု ပြောသည်။
ယမန်နေ့ စက်တင်ဘာ၂၄ ရက် နံနက် အစောကြီး ညဥ့် ၁ နာရီကျော်အချိန်ကလည်း ကျောက်တော်မြို့တွင်လက်နက်ကြီးကျည်ကျရောက်၍ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တည်းခိုခန်းတစ်ခုနှင့် နေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့သည်။
ယင်းအပြင် နာဂရာကျေးရွာတွင်လည်း စက်တင်ဘာ၂၁ ရက်နေ့က အိမ်အနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍မိသားစု ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဘူးသီးတောင်မြို့နယ် သပိတ်တောင်နှင့် သိမ်တောင်ကျေးရွာတို့ကိုလည်းစက်တင်ဘာ ၂၃ ရက်က လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် ရ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မောင်တောမြို့နယ်၊ မင်းရွာတွင်လည်း သြဂုတ်လအတွင်းကလက်နက်ကြီးကျည်ထိမှန်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးခဲ့၇သည်။
(NN-7)