မြောက်ဦးမြို့နန်းရိပ်ကရုဏာအောက်စီဂျင်ကူညီရေးအဖွဲ့မှအတွင်းရေးမှူးနှင့်ညီဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွား


နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၂

မြောက်ဦးမြို့မှ နန်းရိပ်ကရုဏာအခမဲ့ အောက်စီဂျင်ကူညီရေးအဖွဲမှ အတွင်းရေးမှူးနှင့် ညီဖြစ်သူတို့ကို စစ်ကောင်စီက ယနေ့နံနက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်

၎င်းတို့မှာ မြောက်ဦးမြို့ ဝါစျေးအထက်လမ်းနေ ဦးသင်္ခါကျော်၏သားနှစ်ဦးဖြစ်သည့် အသက် ၃၀ ကျော်အရွယ် ကိုသန်းထွန်းနှင့် ကျော်သန်းလှိုင်တို့ဖြစ်ကြပြီး စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၁ နာရီ ခွဲတွင် ဖမ်းဆီးသွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"သူတို့နှစ်ယောက်ကို တောင်ရပ်စျေးနဲ့ ရှေ့ဆိုင် လမ်းသွယ်လေးနားက ဆိုင်ကနေ ညီကိုနှစ်ယောက်လုံးကို ဖမ်းသွားပါတယ်။ ၁၁ နာရီခွဲလောက်က ဖမ်းသွားတာပါ။ အိမ်စီးကားအဖြူနဲ့ဖမ်းခေါ်သွားတာပါ။ ကားနံပါတ်က (၅၅၅၄)ပါ။  ရဲတွေလည်းပါပါတယ်"  ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ကိုသန်းထွန်းမှာ မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်စီဂျင်ကူညီရေးမှ အတွင်းရေးမှူးဖြစ်ပြီး ညီဖြစ်သူ ကိုကျော်သန်းလှိုင်မှာလည်း အသင်းဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

မည်သည့်အတွက်ကြောင်း ၎င်းတို့နှစ်ဦးကို ဖမ်းဆီးသွားမှန်းမသိရသေးသော်လည်း စစ်ကောင်စီ အနေနှင့် ပရဟိတသမားများ၊ လူမှုရေးလှုပ်ရှားသူများကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

"ကျော်စက်ပစ္စည်းဆိုင်က ညီအကိုနှစ်ယောက်ကို ဖမ်းသွားတာပါ။ သူတို့(စစ်ကောင်စီတပ်)က ပရဟိတသမားတွေကို ပစ်မှတ်ထားနေပုံ ရပါတယ်။ အခုဖမ်းသွားတဲ့ ကိုသန်းထွန်းဆိုင် မြောက်ဦးအောက်စီဂျင်က အတွင်းရေးမှူး၊ ညီဖြစ်သူကလည်း မန်ဘာဝင်ပဲ"ဟု ပြောသည်။

မြောက်ဦးမြို့၊ အလယ်စျေးခွဆုံ နှင့် တခြားလူစည်သည့်နေရာများတွင်လည်း စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော နှင့်တောင်ကုတ်မြို့နယ်တို့မှ စက်တင်ဘာ ၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ  ဒေသခံ ၃၅ ဦးထက်မနည်းကိုဖမ်းဆီးခဲ့ပြီး ၃ ဦးကိုပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ (NN-7)

Share: