နိရဉ္စရာ၊စက်တင်ဘာ ၂၆/၂၀၂၂
ကျောက်တော်မြို့ အခြေစိုက်စစ်ကောင်စီ စကခ(၉) မှ ပစ်ခတ်သော လက်နက်ကြီးကျည် နာဂရာကျေးရွာထဲက အိမ်တစ်အိမ်ကိုထိမှန်ခဲ့သဖြင့် အသက် (ရ)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
ယမန်နေ့ည စက်တင်ဘာ၂၅ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ စကခ (၉)က ပစ်ခတ်သောလက်နက်ကြီးကျည်သည် နာဂရာရွာထဲရှိ ဦးရွှေသန်းမောင်၏ အိမ် ကို ကျရောက်ပေါက်ကွဲပြီး ဦကျော်မောင်၏ သားဖြစ်သူ မောင်ကိုနိုင်(ခ) မောင်ကြီး(၇နှစ်)သည် သေဆုံးသွားခဲ့သည်ဟု နာဂရာကျေးရွာသားတစ်ဦးကပြောသည်။
" ဦးကျော်မောင်တို့ မိသားစု ဘေးနားကအိမ်မှာသွားပြီးဗုံးခိုနေကြတာကို လက်နက်ကြီးအိမ်ထဲကို လာကျတာပါ။ အိမ်ခေါင်ကကျလာပြီးပေါက်တာပါ။သူတို့က အမွှာတွေပါ။ အခုက မောင်ကြီးဆုံးတာပါ။ ညဉ့်၁ နာရီကျော်မှာ ဆုံးသွားပါတယ်"ဟုပြောသည်။
လက်နက်ကြီးများပစ်ခတ်မှုကြောင့်ဦးရွှေသန်းမောင်၏ နေအိမ်တွင် အိမ်နားဝန်းကျင်မှ မိသားစုဝင်များ လာရောက်ခိုလှုံနေချိန် ယခုကဲ့သို့လက်နက်ကြီးကျည် ကျရောက်ခဲ့ကာကလေးငယ် ထိမှန် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး တခြားသူများထိခိုက် ဒဏ်ရာရရှိမှုမရှိဟု ၎င်းကျေးရွာသားများကဆိုသည်။
သေဆုံးသွားသည့်ကလေးငယ်ကို ညနေ့ စက်တင်ဘာ ၂၆ နံနက် ၁၁ နာရီအချိန်တွင် သင်္ဂြိုလ်မည်ဟု ၎င်းက ပြောသည်။
" စကခ ၉ က လက်နက်ကြီးပစ်တာကရေတွက်လို့မ၇ပါဘူး။ အဲ့ဒီတစ်အိမ်ပဲကျတာပါ။ ဒါပေမယ့် တခြား အိမ်နားတွေမှာအများကြီးကျပါတယ်။အခုကျည်က ပေါက်ကွဲပြီး ကလေးဆီကိုပဲ ထိတာပါ။ ည ၁ နာရီလောက်မှာ ဆုံးသွားပါပြီ။ဒါကြောင့် ဒီနေ့ သင်္ဂြိုလ်မှာပါ။ မနက် ၁၁ နာရီ ကို စီစဉ်ထားကြပါတယ်"ဟု ပြောသည်။
ယမန်နေ့ကလည်းနာဂရာကျေးရွာတွင် လက်နက်ကြီးထိမှန်ကာ နေအိမ်တစ်လုံးပျက်စီးသွားပြီး စက်တင်ဘာ ၂၄ ရက်ကလည်းရွာဘောလုံးကွင်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းအနီးမှနေအိမ်တစ်လုံးလည်းထိခိုက်ပျက်စီးသွားခဲ့သည်။
စက်တင်ဘာ၂၁ ရက်နေ့က အိမ်အနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ မိသားစု ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်စကခ(၉) မှ နေ့စဉ်ဆိုသလို လူနေကျေးရွာများကို တမင်ရည်ရွယ် ပစ်ခတ်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများ ဆက်တိုက်ရှိလာခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့နယ်သိမ်တောင်ကျေးရွာတွင်လည်း စက်တင်ဘာ ၂၃ ရက်နေ့ကလက်နက်ကြီးထိမှန်ကာ ရ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (NN-7)