လက်နက်ကြီးကျည်ကျ၍ ခေါင်းလောင်ချောင်းရွာတွင်ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် လူငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရ


နိရဉ္စရာ၊ စက်တင်ဘာ ၂၆/ ၂၀၂၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျ၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် လူငယ် ၁ ဦး၊  စုစုပေါင်း ၃ ဦးထိခိုက် ဒဏ်ရာရရှိထားကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

ရွာသားတစ်ဦးက "ကျနော်တို့ ခေါင်းလောင်းချောင်းမှာတော့ အသေအပျောက်မရှိပါဘူး။ ဒဏ်ရာရတာတော့ ၃ ယောက်ရှိပါတယ်။ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်တစ်ဦးပါ။  လက်နက်ကြီးကျည်စထိတာပါ။ ၃ နှစ်အရွယ်ကလေးတစ်ယောက်ပါပါတယ်" ဟု ပြောသည်။

ဒဏ်ရာရရှိသူများမှာ ကိုယ်ဝန်သည် မဥမ္မာဆန်း(ခ) မဒန်နီချေ (၂၃) နှစ် (ဘယ်ဘက်လက်မောင်းဒဏ်ရာရ)၊ ဘုမောင် (၁၃) နှစ် (ဦးခေါင်းဒဏ်ရာရ) နှင့် မခိုင်ဇံချေ ( ၃) နှစ် (ညာဘက်လက်ဒဏ်ရာရ)တို့ ဖြစ်ကြသည်။

ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်တွေဘက်မှလာသည့် စစ်တပ်ဇက်ရေယာဉ် နှစ်စီးကို အေအေက လက်နက်ကြီးနှင့်ပစ်ခတ်၍ တစ်စီးမှာထိခိုက်သွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ဇက်ရေယာဉ်နှင့် စစ်ရဟတ်ယာဉ်တို့ က အနီးအနား ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ပုန်းခိုနေကြသည့် ကျေးရွာသားများအထဲမှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

"ကျောင်းမှာခိုလှုံနေတုန်း ကျည်က ဓမ္မာရုံကိုဖောက်လာပြီး ပြတင်းပေါင်နှစ်ခုကနေ ကျောင်းတိုင်ကို ကျပြီးကွဲတာ။ ဇက်ကပစ်တာလို့ယူဆရပါတယ်။ လက်နက်ကြီးကျည်က လူတစ်ရပ် အပေါ်ကနေ လာတာပါ" ဟု ပြောသည်။

ခေါင်းလောင်ချောင်းကျေးရွာတွင် လူသေဆုံးမှု မရှိကြောင်းနှင့် လက်ရှိတွင် ဒဏ်ရာရသူများကို ရွာတွင် ဆေးကုသမှု ပြုလုပ်ထားရသည်ဟု ရွာသားများက ပြောသည်။

Share: