နိရဉ္စရာ၊စက်တင်ဘာ ၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊၇သေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီးရှီ အထက်နန်းရာ စေတီတောင်ပေါ်တွင် တပ်စွဲထားသည့်နယ်ခြားစောင့်စခန်းကိုရက္ခိုင့်တပ်တော်(AA)ကလက်နက်ကြီးဖြင့် ပစ်ခတ်သည့် အတွက် စခန်းအတွင်းမီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အနီးအနားရှိစေတီပြင်ကျေးရွာသားတစ်ဦးကပြောသည်။
"အေအေကပထမဆုံး အာပီဂျီနဲ့ ထုလို့ မီးလောင်သွားတဲ့အခြေအနေပါ။ စေတီတောင်ပေါ်မှာ သူတို့ကအဆောင်ငယ်လေးတွေကို တောင်တစ်လျှောက် ဆောက်ထားပါတယ်။ အေအေက လက်နက်ကြီးနဲ့ စပစ်တာပါ။ မြောက်ဘက်ခြမ်းက အဆောင်တွေကိုထိတယ်။ခဏနေတော့ စစ်တပ်စခန်းကုန်း တွေဘက်ကလည်း ပြန်ပစ်တယ်။ ပြီးတော့မှ သေနတ်သံတွေအများကြီးထွက်လာတာပါ။ အဲဒီအဆောင်တွေကနေ မီးခိုးတွေထွက်လာတာတော့ ပတ်ဝန်းကျင်ကမြင်၇ပါတယ်” ဟု ပြောသည်။
၎င်းပစ်ခတ်မှုကို စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်ကစကြား၇ပြီး သေနတ်ပစ်ခတ်သံများကို မိနစ် ၄၀ ကျော်ကြာကြားခဲ့၇သည်ဟု ဆိုသည်။
“ စခန်းသိမ်းတိုက်ပွဲတော့မဟုတ်ဘူးထင်ပါတယ်။ လက်နက်ကြီးနဲ့ စခန်းကိုပစ်တဲ့ ပုံစံမျိုးဘဲ ထင်ပါတယ်။ အေအေက လက်နက်ကြီးနဲ့ပစ်ခတ်သွားတဲ့ပုံစံပါ။ စခန်းကိုထိသွားတော့ အသေအပျောက် ဒဏ်ရာရတာတွေလည်းရှိနိုင်ပါတယ်။ဒါပေမယ့် အရပ်သားတွေအနေနဲ့ သိဖို့ မလွယ်နိုင်ဘူး” ဟု၎င်းက ပြောဆိုသည်။
အေအေက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၇သေ့တောင်အခြေစိုက် (၅၃၆) တပ်ရင်းက လက်နက်ကြီးများဖြင့် ည ၆ နာရီကနေ ၁၀ နာရီထိ အထက်နန်းရာချောင်းတစ်ဝိုက်ကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
"ပစ်ခတ်သံတွေကို မိနစ် ၄၀ လောက်အထိက ဆက်တိုက်ကြား၇တယ်။ လက်နက်ကြီးပစ်သံတွေလည်း အချက်၂၀ ကျော်လောက် ကြားရတယ်။ နောက်ထပ်က ၇သေ့တောင် (၅၃၆)က လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တယ်။ ည ၆ နာရီကနေ ၁၀ နာရီထိ ၁၀ လုံးလောက်ပစ်ခဲ့တယ်။ အဲဒီနယ်ခြားစောင့်စခန်းကတော့ ကျမသွားဘူးလို့သိ၇ပါတယ်"ဟုဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခံရသည့် နယ်ခြားစောင့်စခန်းသည် မေယုတောင်အရှေ့ခြမ်း ကျောက်ပန်းတူ- စေတီပြင် အကြား ဖောက်လုပ်ထားသည့် ကားလမ်းဘေး အဝင်၀ရှိ အထက်နန်းရာစေတီတောင်ပေါ်တွင် တည်ထားသည့် စခန်းဖြစ်သည်။ ၎င်းကားလမ်းကို စေတီပြင် ကျောက်ပန်းတူတောင်ကျော်ကားလမ်းဟု လူသိများပြီး မေယုတောင်ကို ဖြတ်ကာ မောင်တောမြို့နယ် တောင်ပိုင်းနှင့်ရသေ့တောင်မြို့နယ် အနောက်ခြမ်းကို များမကြာမီ နှစ်ပိုင်းအတွင်းက ဖောက်လုပ်ထားပြီး စစ်ရေးအရအရေးပါသောနေရာတွင် တည်ရှိသည့် စခန်းဖြစ်သည်။ ၎င်းစခန်းတွင် စစ်ကောင်စီတပ်သား ၇၀ ကျော်ခန့်ရှိကြောင်းသိ၇သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ယခုနေရာကအရှေ့ဘက်၊ မေယုမြစ်တစ်ဘက်ကမ်း ၇သေ့တောင်မြို့နယ် မြောက်ပိုင်း ရေစိုးချောင်း ဗျူဟာအနီးရှိမညင်းတောင်ကျေးရွာဝန်းကျင်တွင်ရက္ခိုင့်တပ်တော် (AA) နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၃၁) ရက်နေ့တွင်လည်း ရေစိုးချောင်းဗျူဟာမှရိက္ခာဆင်းယူသည့် စစ်ကြောင်းကို အေအေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်၍ စစ်ကောင်စီတပ်သား(၄) ဦး ကျဆုံးခဲ့ကြောင်း သိ၇သည်။
ယင်းအပြင်သြဂုတ်လ ၁၃ ရက်နေ့ကလည်း ဒုံးပိုက်နှင့် ချိန်ခါလိန်ကျေးရွာအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းခွဲတစ်ခုလုံးကျဆုံးမှုရှိခဲ့ပြီးနောက် အငူမော်ကားလမ်းကို စစ်ကောင်စီက ပိတ်ထားခဲ့သည်။(NN-7)