နိရဉ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၂
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ်စက်တင်ဘာ၅ ရက်နေ့အထိ ၇ခိုင်ပြည်နယ် မြို့နယ် (၁၀) မြို့နယ်တွင် စုစုပေါင်း လူဦးရေ (၇၁၉၄၂) သည် နေရပ်စွန့်ခွာနေကြရပြီး ယင်းအထဲတွင် မြောက်ဦး၊ကျောက်တော်နှင့် စစ်တွေမြို့နယ်တို့တွင် အသစ်ထပ်မံ နေရပ်စွန့်ခွာရသူ ဦးရေ (၄၉၅၉)ဦးအထိရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းပြင် UNHCR သည် အခြားသောUN အဖွဲ့အစည်းများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲလျက်အဆိုပါ လူသားချင်းစာနာမှုလိုအပ်ချက်များကို တုန့်ပြန်ကူညီနေပြီး ထိခိုက်ခံစား၇သူ လူထုတို့အားအထောက်အပံ့များ ဆက်လက်ထောက်ပံ့နေသည်။
(၂၀၂၂) ခုနှစ် ဇန္နဝါရီလမှ ဩဂုတ်လအထိတွင် မြောက်ဦး၊ မြေပုံ၊ကျောက်တော်၊ မင်းပြား၊ ပုဏ္ဍားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ တိုက်ပွဲရှောင်ဦးရေ (၂၈၀၀၈) ဦးထံ အဓိကပြန်လည်ထူထောင်ရေး အထောက်အပံ့များ၊အရေးပေါ် အမိုးအကာအထောက်အပံ့များ၊ အမျိုးသမီးသုံးပစ္စည်းထုပ်များနှင့် ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သည့်အဝတ်စ မျက်နှာ၊ နှာခေါင်းစည်းများအား ဖြန့်ဝေ ထောက်ပံ့ခဲ့သည်ဟုဆိုသည်။
ကွင်းဆင်းလေ့လာမှု၊ ထောက်ပံ့မှုတို့ အကြိမ်ပေါင်း (၃၀) ကျော်ရှိခဲ့ပြီး တချို့သောတိုက်ပွဲရှောင်စခန်းများ၊ အထူးသဖြင့် ဝေးလံကျေးလက်မှ စခန်းများကို လက်လှမ်းမီနိုင်မှုမှာအကန့်အသတ် ရှိနေဆဲဖြစ်ပြီး Covid-19 ဖြစ်ပွားနေသည့် အခြေအနေကြောင်းလည်း ပိုမိုခက်ခဲနေသည်ဟုဖော်ပြထားသည်။