နိရဉ္စရာ၊စက်တင်ဘာ ၂၉/ ၂၀၂၂
စစ်ကောင်စီတပ်ကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ရက္ခိုင့်တပ်တော် (AA)၏ အကျဉ်းထောင်နှစ်ခုထိမှန်ခဲ့ပြီး ၎င်းအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် အခြားသောအကျဉ်းသားအချို့သေဆုံးမှုများရှိသလို ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေးက စက်တင်ဘာ ၂၈ ရက်နေ့၌ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အထဲတွင်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ ည (၁၁) နာရီတွင် စစ်ကောင်စီတပ်မှဂျက်တိုက်လေယာဉ် (၃) စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်မောင်တောမြို့နယ် အတွင်းရှိ လက်ပံတောင်ကြောပေါ် မှ မိမိတို့၏ အကျဉ်းထောင် (၂)ခုအား ထိမှန်ကာ ယင်းအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့်အခြားသော အကျဉ်းသားအချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့် ရဲတချို့နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို အေအေက လူသားချင်းစာနာကာ ဆေးကုသပေးထားသော်လည်းဆေးဝါးအခက်အခဲ တချို့ကြောင့် တချို့မှာ အသက်သေဆုံးသွားပြီး တချို့မှာပြင်းထန်ဒဏ်ရာများ ရရှိကာ ဆက်လက် အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေကြောင်း၊ သူတို့အသက်ရှင်ရေးအတွက်စစ်ကောင်စီမှတာဝန်ရှိပုဂ္ဂိုလ်များထံ ပြင်းထန်လူနာများကို အမြန်ဆုံးလာယူရန် အသိပေးအကြောင်းကြား ခဲ့သော်လည်း စစ်ကောင်စီတပ်က တပ်ဖွဲဝင် စိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ်ကင်းမဲ့စွာဖြင့် လျစ်လျူ ရှုထားဆဲဖြစ်ကြောင်း၊ (၅) ရက် ကြာသည့်တိုင်ဆက်သွယ်လာခြင်း မရှိသေးသောကြောင့် ထပ်မံသေဆုံးသူ (၁) ဦးရှိခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင်အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့ နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့အသက်ဆက်လက်ရှင်သန်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆေးဝါးများဖြင့်အကောင်းဆုံးကြိုးစား ဆေးကုသပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
မြန်မာ့တပ်မတော်သားများအနေဖြင့်၎င်းတို့ အသက်စွန့်၍ တာဝန်ထမ်းဆောင် ခဲ့ကြပါသော်လည်း ဒဏ်ရာရလျက် အသက်အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရသည့်အချိန်တွင် မိခင်အဖွဲ့အစည်းမှ ၎င်းတို့၏တပ်ဖွဲ့ဝင်များအပေါ်ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်မှာမြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီမှ ၎င်းတို့တပ်ဖွဲ့ဝင်များ အပေါ်ထားသောသဘောထားအမှန်ပင်ဖြစ်သည်။ တနည်း မိမိရဲဘော်ရဲဖက်အပေါ် တာဝန်ယူမှုမရှိခြင်းပင်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။
တာဝန်ခံမှု၊တာဝန်ယူမှုမရှိသော စစ်ကောင်စီတပ် (မြန်မာ့တပ်မတော်)ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိသော မြန်မာ့တပ်မတော်သားများ အနေဖြင့်လည်းအနီးဆုံးနေရာသို့ အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း အေအေက ရေးသားပြောဆိုသည်။
လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက် (သို့မဟုတ်) လက်နက် မပါဘဲဝင်ရောက် လာကြသူများနှင့် အေအေက ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများအရေအတွက်မှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့သည်ဟု ဖော်ပြသည်။
၎င်းတို့၁၅၀ ကျော်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ ၎င်းတို့ထဲမှ အချို့ကို၎င်းတို့သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ထားပြီးဖြစ်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။ ( NN 7)