နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၂
၇ခိုင်ပြည် မင်းပြားမြို့နယ် ကျေးရွာအနီးသို့ ယနေ့နံနက်ပိုင်းကစစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာသဖြင့် ဒေသခံများမှာတိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ရွာမှ ထွက်ပြေးနေကြကြောင်း သိရှိ၇သည်။
အင်အား(၅၀)ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းတခုသည် ယနေ့ နံနက်ပိုင်းတွင်သဲတက်နှင့် ကင်းဆိပ်ရွာကြားတွင် ရောက်ရှိလာသည့်အတွက် ဒေသခံများမှာတိုက်ပွဲဖြစ်မည်ကို စိုးရိမ်သည့် အတွက်ခုကဲ့သို့ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ယောက်ကပြောသည်။
“ အများစုကတော့ ရွာကထွက်သွားကြပြီးမင်းပြားကို။ တချို့လည်းအခြေအနေ စောင့်ကြည့် နေကြတယ်။ သူတို့ (စစ်ကောင်စီတပ်)ညနေပိုင်းအထိရှိနေရင်တော့ တိုက်ပွဲမဖြစ်နိုင်လို့ မပြောနိုင်ဘူး။ အားလုံးထွက်ပြေးဖို့စီစဉ်ထားကြတယ်။ သူတို့ရှိနေရင် အခြေအနေမကောင်းဘူး။”
ယခု ထွက်ပြေးသွားသည့်ကျေးရွာသားများမှာ သဲတက်၊ ခေါင်းလောင်းရွာသစ်နှင့် ခေါင်းလောင်းရွာဟောင်းမှကျေးရွာသားများ ဖြစ်သည်။
ယနေ့နံနက် အစောပိုင်းတွင်မင်းပြားအခြေစိုက် တပ်ရင်းများမှာ အင်အား ၁၀၀ ကျော်ခန့်ပါသည့်စစ်ကောင်စီ တပ်ဖွဲ့မှာ (၂) ဖွဲ့ခွဲပြီး သဲတက်နှင့်ကင်းဆိပ်ရွာအကြားတွင်၅၀ ခန့် နေရာယူပြီး ကျန်တစ်ဖွဲ့မှာ မော်ရွာကနေ တောင်တိုက်ရွာဘက်ကိုသွားနေကြောင်း ဒေသခံများက ပြောသည်။
“ ဒီနေ့မနက်အစောပိုင်းက မင်းပြား Top Group ဆီဆိုင်နားမှာ သူတို့(စစ်ကောင်စီတပ်)အများကြီးစုပြီး ထွက်သွားတာ တွေ့လိုက်တယ်။ အခု သဲတန်းဘက်ကိုရောက်နေတာလာလည်းသူတို့အဖွဲ့ ဖြစ်နိုင်ပါတယ်” ဟု မင်းပြားမြို့ခံတစ်ယောက်က ပြောသည်။
စစ်ကောင်စီတပ်သည် ရွာထဲသို့ ဝင်ရောက်လာလျှင် ရွာသားများကိုဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများရှိသည့် အပြင် ရွာသားများ မွေးထားသည့် ကြက်၊ ဝက်များကိုလည်းပိုက်ဆံတပြားတစ်ချပ်မှ မပေးဘဲ ယူငင်သတ်စားမှုများရှိသဖြင့် စစ်ကောင်စီတပ်သားများ ရွာထဲဝင်လာမည်ကိုကျေးရွာတိုင်းလိုလိုက မလိုလားကြောင်း၊ သူတို့ ရွာဝင်လာလျှင်လည်း ကျေးရွာသားများထွက်ပြေးကြ၇ကြောင်း၎င်းက ပြောဆိုသည်။
မင်းပြားမြို့နယ်တွင်စက်တင်ဘာလ ၂၆ ရက်နေ့ကစစ်ကောင်စီ ဇက်စစ်ရေယဉ်(၂)စီးကို ရက္ခိုင့်တပ်တော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အတွက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှလည်း ၇ဟတ်ယဉ်နှစ်စီးအပါအဝင်ဇက်စစ်ရေယဉ်များမှလူနေရွာများကို ပစ်ခတ်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၁ ဦးအပါအဝင် ကလေးငယ်များနှင့်အရပ်သားတချို့ ဒဏ်ရာရှိခဲ့သည်။
(ဓာတ်ပုံ- စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုတွေ့၇စဉ်/ပုံဟောင်းဖြစ်ပါသည်။)