နိရဉ္စရာ၊စက်တင်ဘာ ၂၉/၂၀၂၂
ပုဏ္ဏားကျွန်းနှင့်ကျောက်တော်မြို့နယ် မြို့နယ် ၂ ခုအစပ် ဗုဒ္ဓေါကျေးရွာ အနီးတွင် ရိက္ခာဆင်းယူသည့် စကစစစ်ကြောင်းကိုရက္ခိုင့်တပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် စစ်သားအများအပြားကျဆုံးသွားကြောင်း အေအေနှင့် နီးစပ်သူ ကျေးရွာသားတစ်ဦးကနိရဉ္စရာကို ပြောကြားသည်။
"ရွက်ညှိုးတောင်နားမှာဗုဒ္ဓေါကဆင်းလာတဲ့ စစ်တပ်နဲ့ အေအေနဲ့ တိုက်ပွဲဖြစ်ကြတာပါ။ စစ်သား (၃၀) လောက်ကရိက္ခာဆင်းယူတာကို အေအေကကြားဖြတ် ဝင်ရောက်တိုက်ခိုက်တာ။ တိုက်ပွဲက၁ နာရီ နီးပါးကြာပါတယ်။ အခုတော့ တိုက်ပွဲပြီးသွားပါပြီ"ဟု၎င်းက ပြောသည်။
၎င်းတိုက်ခိုက်မှုသည် ယနေ့ စက်တင်ဘာ ၂၉ နံနက်၁၁ နာရီခွဲတွင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲကနှစ်ဘက်ပစ်ခတ်သံများကို ၁နာရီနီးပါး ကြားခဲ့၇ကြောင်းဒေသခံများက ပြောသည်။
ယမန်နေ့စက်တင်ဘာ ၂၈ ရက်နေ့ ညကရိက္ခာလာပို့သည့် ကားနှစ်စီးကို အေအေက ဖြတ်ယူ သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် ထပ်မံလာပို့သည့် ရိက္ခာကို ဆင်းယူသည့်စစ်ကြောင်းကို အေအေက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"ဘုရားပေါ်နားမှာ မနေ့ ညနေက ရိက္ခာလာပို့တဲ့စစ်တပ်ကားနှစ်စီးကို အေအေက ကြားဖြတ်ယူသွားတယ်။ အဲ့ဒါကြောင့် အခု ဒီမနက် ရိက္ခာထပ်လာပို့တာကိုဆင်းယူတာပါ။ကွမ်းအုံစုနယ်ခြားချောင်းအတိုင်း ရိက္ခာလာယူတာကိုအေအေကဖြတ်တိုက်တာပါ။ စစ်သား ၂၀ ကျော်သေတယ်လို့ ပြောပါတယ်"ဟု ပြောသည်
လက်ရှိမှာကျောက်တော်အခြေစိုက် (၅၃၉) တပ်ရင်းမှ ၎င်းတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်းသိ၇သည်။
တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှဗုဒ္ဓေါ နှင့် ကွမ်းအုံစု၊ ရွက်ညှိုးတောင် ကျေးရွာများမှ ကျေးရွာသားများမှာ ပစ်ခတ်မှုများကြောင့်မြတ်လေး၊ သဲတောင် နှင့် ကဏာန်းတောင် ကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဗုဒ္ဓေါကျေးရွာသားတစ်ဦးက ပြောသည်။
"စစ်သားတွေရိက္ခာတွေဆင်းယူတယ်။ အတက်အဆင်းတွေ ၊ လှုပ်ရှားမှုတွေက ထူးခြားနေလို့ ရွာသားတွေက ကြိုပြီးရှောင်နေကြတာပါ။လက်နက်ကြီးက အခုထိပစ်နေတုန်းပါ"ဟု ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂၀ ဦးကျဆုံးသွားခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ကောင်စီ ရခိုင်ပြည်နယ်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေး၍အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
ရခိုင်မှာစစ်ကောင်စီတပ်နှင့် အေအေတို့ တိုက်ပွဲများပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်၏ ကုန်းလမ်း၊ရေလမ်းထောက်ပို့များကို အေအေက ဖြတ်တောက်ထားပြီး စစ်ကောင်စီတပ်ကလည်းအေအေကို ရိက္ခာဖြတ်တောက်လို၍ ရခိုင်မှ အရပ်သားများ သွားလာ အသုံးပြုနေသည့် ကုန်းလမ်း၊ ရေလမ်းနှင့် ကုန်စည်စီးဆင်းမှုများကိုပါပိတ်ပင်ထားကာ စစ်ဆေးမှုများ တင်းကျပ်လျှက် ရှိကြောင်း သိရှိ၇သည်။
(NN-7)