နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၂
၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ် အစပ် ဒေးဝန်းချောင်းအနီးဝန်းကျင်ကို ကျောက်တော်မြို့နယ်ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ အတွဲလိုက် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေသဖြင့် အနီးအနားရှိ ကျေးရွာသားများ ထွက်ပြေးနေရသည်ဟုသတင်းရရှိသည်။
ယနေ့ နံနက် ၈ နာရီ၃၅ မိနစ်မှ စပြီး အတွဲလိုက် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေပြီး ၎င်းလက်နက်ကြီးကျည်များမှာဒေဝန်း၊ ဒေဝန်းချောင်း အနီးဝန်းကျင်၊ ဆောင်တုံရွာအနီးဝန်းကျင်နှင့် လယ်ကွင်းများကို ကျရောက်နေသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“ တစ်ခါပစ်ရင် နှစ်လုံးထွက်တဲ့ လက်နက်ကြီးနဲ့ ပစ်တာပါ။ အခု၈ လုံးလောက်ကျပါပြီ။ တိုက်ပွဲမရှိသေးဘူး။ သူတို့ပစ်နေတာ။ ဒေဝန်းချောင်း တံတားအနီး၊ဘုရားပေါ် (ရွက်ညှိုးတောင်) အဲဒီဘက်ကို ကျနေတယ်။ ကျောက်တော်နယ်စပ် မော်ရွာနယ်ခွဲဘက်ကိုပစ်နေတာ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ၎င်းပစ်ခတ်သည့်နေရာအနီးတွင် တည်ရှိသည့် ဆားတွင်းတောင်က စကစ စစ်ကြောင်း ဆင်းလာသည်ဟု သတင်းရပြီး သူတို့အတွက်လမ်းကြောင်းရှင်းသည့်အနေဖြင့် ပစ်ခတ်ပုံရကြောင်း ဒေသအတွင်း စစ်ရေးအခြေအနေများကို လေ့လာနေသူတစ်ဦးက ပြောသည်။
“ အခု ကျွန်တော်တို့ ကြားရတာ အဲဒီလက်နက်ကြီးနဲ့ ပစ်တဲ့ အနီးမှာဆားတွင်းတောင်ဆိုတာ ရှိပါတယ်။ အဲဒီက စစ်တပ် စစ်ကြောင်း ဆင်းလာတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းအတွက်လမ်းရှင်းတဲ့ အနေနဲ့ ပစ်ခတ်ပုံ၇ပါတယ်”ဟု၎င်းက ပြောဆိုသည်။
ထိုသို့ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေ၍ ဒေးဝန်း၊ ဆောင်းတုံ ကျေးရွာများမှ ရွာသားများထွက်ပြေးနေကြရပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း ဗုဒ္ဓေါကျေးရွာ၊ ကွမ်းအုံစု၊ ရွက်ညိုးတောင်(ဘုရားပေါ်)ကျေးရွာများမှ ရွာသားများလည်း ထွက်ပြေးနေကြရကြောင်း သိ၇သည်။
လက်ရှိအချိန်ထိ အဆိုပါဒေသမှ ထွက်ပြေးရသူ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိသွားပြီဟု သိ၇သည်။
(ဓာတ်ပုံ- ယခင်ပုံဟောင်း)