ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မောင်တောခရိုင်ပညာရေးမှူးကို လူ ၃ ဦးကဓားဖြင့်ထိုးပြီးသတ်ဖြတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ၊ အောက်တိုဘာ၂/၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပညာရေးမှူး  ဒေါက်တာစန်းစန်းမြင့်( ၅၈ နှစ်) သည် ယနေ့ အောက်တိုဘာ ၂ ရက်နေ့ ညနေ နာရီခန့်တွင် ဓားထိုးခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

"ဒီနေ့ ညနေက ဓားနဲ့ထိုးလို့ သေသွားပြီဖြစ်ပါတယ်။ ဓားနဲ့ထိုးတဲ့ တရားခံကို ဖမ်းရလား၊ မရလား မသိရသေးဘူး။ ဓားနဲ့ သုံးလေးချက်ကို ထိုးခဲ့တာပါ။ သေဆုံးမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဘယ်လို ပြဿနာတွေ လာမယ်မသိဘူး"ဟု အမည်မဖော် လိုသူတစ်ဦးက ပြောသည်။

နောက်ထပ် ပညာရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ဒေသခံတစ်ဦးက "ပညာရေးမှူးရုံးက သူ့အဆောင်မှာ အသတ်ခံရတာပါ။ အကိုတို့ကို ဆေးရုံကို ယူဆောင်ဖို့ ဆက်သွယ်လာတုန်းက ၇ နာရီ ၉ မိနစ်ကပါ။ ခန့်မှန်း (၇) နာရီလောက်မှာ အသတ်ခံရတာဖြစ်နိုင်တယ်။  မျက်နှာနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေရှိပါတယ်။ မျက်နှာမှာလည်း စုတ်ပြတ်သတ်သွားလို့ ပုံတောင်မရိုက်ခဲ့ရဘူး" ဟု ပြောသည်။

သူမသည် ဓားထိုးခံရပြီးနောက် မောင်တောဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီးနောက်  သေဆုံးသွားခြင်းဖြစ်ကြောင်း ပညာရေးမှူးရုံးဝန်ထမ်း တစ်ဦးကပြောသည်။

"ဒီနေ့ ဥပုသ်သွားစောင့်ပြီး ပြန်ရောက်မှ ဖြစ်တာပါ။ ဆိုင်ကယ်နဲ့ လူ ၃ ယောက် အဆောင်ကိုဝင်လာပြီး ဓားနဲ့ထိုးတာလို့ပြောပါတယ်။ အရေးပေါ်ရောက်မှပဲ ကျမတို့လည်း သိရတာပါ"ဟု ပြောသည်။

 လက်ရှိမှာ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံကို မသိရသေးကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် မောင်တောမြို့နယ်ရဲစခန်းကို ဆက်သွယ်နေဆဲဖြစ်သည်။ (NN-7)

ဆက်စပ် သတင်းများ