သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဟိန္ဒူဘာသာဝင်များကို လဝကမှထုတ်ပေးသည့်ခရီးသွားခွင့်ကတ်ပြားပါသော်လည်း စစ်တွေကျောက်တန်းဂိတ်က ဒဏ်ငွေရိုက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ၊ အောက်တိုဘာ ၃/၂၀၂၂
ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဟိန္ဒူဘာသာဝင်များကို လဝကမှ ခရီးသွားခွင့် ကတ်ပြားများ ထုတ်ပေးထားသော်လည်း ယင်းကတ်ဖြင့်ခရီးသွားခွင့်မရှိဟုဆိုကာ စစ်တွေကျောက်တန်းဂိတ်တွင် ဒဏ်ရိုက်ကာ ငွေကြေးငွေများတောင်းခံနေသည်ဟု သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့မှ ယခုရက်ပိုင်းအတွင်း ကိုယ်တိုင်ပေးဆောင်ခဲ့ရသူ၏ လူငယ်တစ်ဦး၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက  ကျနော့် တူလေးက အသက် ၂ဝ လောက်ရှိပြီ။ လ၀ကမှာ ပြုကတ် လျှောက်ထားပါတယ်။ လျှောက်ထားတော့ လဝကရုံးက ယာယီသွားဖို့အတွက် ကတ်တစ်ကတ် ထုတ်ပေးထားပါတယ်။ အဲဒါကို ကျောက်တန်းဂိတ်က စစ်သားနဲ့ ရဲတွေက မင်းဒီကတ်နဲ့သွားလို့ မရဘူးဆိုတာမသိဘူးလားတဲ့။ မင်းဒဏ်ငွေဆောင်ရမယ်ဆိုပြီး စကားကို မောက်မောက်မာမာ ပြောပါတယ်။ ဒဏ်ငွေ ၅ ထောင်လည်း ဆောင်ခိုင်းတယ်ဟု ပြောသည်။

ရခိုင်ပြည်တွင်းရှိ နေထိုင်သည့် ဟိန္ဒူဘာသာဝင်များသည် လူဦးရေ ၂၀၀၀၀ ခန့်သာရှိသည့် လူနည်းစု လူမျိုးတစ်မျိုးဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုင်ဆောင်ခွင့်မရကြဘဲ ပြုနိုင်ငံသား စိစစ်ရေးကတ်ပြားများကိုသာ ကိုင်ဆောင်ခွင့်ရရှိထားကြသည်ဟု ဆိုသည်။
အဆိုပါပြုနိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ိန္ဒူဘာသာဝင်များအနေဖြင့် ခရီးသွားလိုပါက ၎င်းတို့နေထိုင်ရာ မြို့နယ်အသီးသီးရှိ လဝကရုံးများတွင် ယာယီကတ်များကိုလျှောက်ထားရသည်ဟု သိရသည်။

လ၀ကမှထုတ်ပေးထားသည့် ယာယီကတ်ပြားများဖြင့် ဟိန္ဒူလူမျိုးများသည် ရခိုင်ပြည်နယ် အတွင်းသာမက ပြည်နယ်ကျော်ပြီးလည်း သွားလာခွင့်ရှိသည်ဟု ၎င်းကပြောသည်။

ကျနော်တို့က အဲဒီကတ်နဲ့ ရန်ကုန်လည်းသွားခဲ့ပြီးပြီ။ လေယာဉ်နဲ့လည်း ရောက်ဖူးတယ်။ ကားနဲ့လည်း ရောက်ဖူးတယ်။ အဲလို ပြည်နယ်ခြားကို သွားတာတောင်မှ အဲလောက် အခက်အခဲမရှိဘူး။ အခု ကိုယ်ပြည်နယ်ထဲမှာသွားတာတောင်မှ အခက်အခဲကြုံနေရတယ်ဟု ပြောသည်။

ယခုကဲ့သို့ ခရီးသွားလာရာတွင် လ၀ကမှ ယာယီထုတ်ပေးထားသည့် ကတ်များဖြင့် ရီးသွားခွင့်မရှိဟုဆိုကာ ကျောက်တန်းစစ်ဆေးရေးဂိတ်ကပြောဆိုပြီး ဒဏ်ငွေရိုက်ခြင်းမှာ လုံး၀ မဖြစ်သင့်ဟုလည်း ၎င်းကပြောကြားသည်။

စစ်တွေမြို့ အဝင်အထွက် ကျောက်တန်း စစ်ဆေးရေးဂိတ်သည်  ဖြတ်သန်းသွားလာနေကြသည့် ခရီးသည်များအပေါ် တွင် တစ်နည်းမဟုတ် တစ်နည်းအနှောင့်အယှက်များပြုလုပ်လေ့ရှိပြီး  ဟိန္ဒူဘာသာဝင်များ အပေါ်တွင် ပိုမိုဆိုးရွားစွာဆက်ဆံနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

ဟိန္ဒူအမျိုးသား လူကြီးတစ်ဦးက ကျွန်တော်တို့ ဒီနိုင်ငံနေတာ အဖိုးအဖွားလက်ထက် ဟိုရှေးကတည်းက နေထိုင်လာတာပါ။ မှန်ဆိုရင် နိုင်ငံသား မှတ်ပုံတင် အစစ်တောင်ရသင့်နေပါပြီ။ အခုက နိုင်ငံတော် အစိုးရက လ၀က ကနေ ထုတ်ပေးတဲ့ ကတ်နဲ့တောင် ခရီးသွာလာခွင့်မရ ဖြစ်လာမရဖြစ်နေပါတယ်။ မှတ်ပုံတင်ကိုလည်း အတုအစစ်ကိုကြည့်ရင် ပြီးပြီပေါ့။ အခုက စာအုပ်၊ ဟိုဟာ၊ ဒီဟာ ပုံစံ ၁၀ စတာတွေကိုပါ ခရီးသွားလာရာမှာ တောင်းလာတယ်ဆိုတာတော့ သက်သက် သူတို့က လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ပုံစံမျိုးလိုဖြစ်နေတယ်လေဟု ပြောသည်။

ယခုကဲ့သို့ ခွဲခြားဆက်ဆံခံရမှုများကြောင့် ဟိန္ဒူလူမျိုးများအနေဖြင့် ခရီးသွားရသည့်အခါတိုင်း စိတ်အားငယ်မှုများဖြစ်ပေါ်နေရသည်ဟု ပြောဆိုသည်။

ပြီးတော့ ကားတစ်စီးပါလာတဲ့၊ တုတ်တုတ်တစ်စီးမှာပါလာတဲ့ခရီးသည်တွေကိုလည်း စစ်ရင် အားလုံးကို စစ်ပေါ့။ သီးသန့် ဟိန္ဒူတွေကိုပဲ သီးသန့်၊ လူမျိုးခြားတွေကိုပဲ သီးသန့်ကွက်ပြီးတော့ စစ်တဲ့ အခါတွေလည်း ရှိတယ်။ အဲလိုပုံစံမျိုးတွေကျတော့ စီးနေရတဲ့ ခရီးသည်အချင်းချင်းအတူတူတောင်မှ၊ လူသားချင်း တူတူမှာတောင်မှ အားငယ်စိတ်တွေဖြစ်မိတယ်ဟု ပြောသည်။

ယင်းအပြင် အသက်ကျော်လွန်၍ ပြုနိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံပြုလုပ်ရန် ပျက်ကွက်နေသည့် ဟိန္ဒူဘာသာဝင်များကိုစိစစ်တွေ့ရှိပါကလည်း ၎င်းကျောက်တန်းဂိတ်က ဒဏ်ကြေးများ တောင်းခံသည်ဟု သိရသည်။ကျောက်တန်းစစ်ဆေးရေးဂိတ်သည် စစ်တွေမြို့ဝင် အထွက်ဂိတ်ဖြစ်ပြီး  ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင်တည်ရှိကာ အစစ်အဆေး အမေးအမြန်းများပြားသဖြင့် လူထုအကြား နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ဂိတ်တစ်ဂိတ်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရခိုင်တွင် ယခုနောက်ပိုင်း တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ကျောက်တန်း စစ်ဆေးရေးဂိတ်သည် ယခင်ကထက် လုံခြုံရေးတင်းကျပ်ထားကာ ခရီးသည်များကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်ဟု  ကားသမားများက ပြောသည်။

ဓာတ်ပုံ - ကျောက်တန်းစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ